ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှ ဒေသထွက်ခရမ်းသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျောင်းကုန်းမြို့နယ်မှ ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်ဝင်းဝင်းမော်က ပြောပြသည်။ ကျောင်းကုန်းမြို့နယ်တွင် ယခုနှစ် မတ်လဒုတိယပတ်မှစတင်၍ မတ်လ ၁၇ ရက်နေ့ထိ ခရမ်းသီးများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသတွင် ထွက်ရှိသည့်ခရမ်းသီးများ တစ်ရက်လျှင်အလုံးရေ ၄၀၀၀၀ မှ ၅၅၀၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ “ကျောင်းကုန်းမြို့နယ်ကနေ ထွက်ရှိတဲ့ခရမ်းသီးတွေ အဝယ်လိုက်နေပါတယ်။ အခြားဒေသကုန်စိမ်းဈေးကွက်က ဝယ်လက်တွေက အဝယ်များနေတာပါ။ ကျောင်းကုန်းမြို့နယ်ကနေ အခြားဒေသတွေကို အလုံးရေ ၅၅၀၀၀ ထိတင်ပို့ရောင်းချနေရပါတယ်။ ဒေသထွက်ခရမ်းသီးတွေ ပိုးမွှားကင်းရှင်းပြီး အရည်အသွေးကောင်းမွန်တာ တွေ့ရပါတယ်။ အခုနှစ်ခရမ်းသီးတွေက အရည်အသွေးကောင်းသလို အထွက်နှုန်းလဲကောင်းနေတယ်လို့ သိရတယ်။ လက်ရှိ ခရမ်းအဝိုင်းသီးရော၊ အရှည်သီးရော အမျိုးအစားနှစ်မျိုးစလုံး အရာင်းအဝယ်ကောင်းမွန်နေတာပါ” ဟု ကျောင်းကုန်းမြို့နယ်မှ ကုန်စိမ်းမျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင် ဒေါ်ဝင်းဝင်းမော်က ပြောပြသည်။ ကျောင်းကုန်းမြို့နယ်တွင် စိုက်ပျိုးထွက်ရှိပြီး အရောင်းအဝယ်ကောင်းမွန်နေသည့် ခရမ်းသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၁၃၀၀၀ ဈေးပေါက်နေကြောင်း၊ အဆိုပါ ဒေသထွက်ခရမ်းသီးများအပါအဝင် အခြားကုန်စိမ်းများကို ကျောင်းကုန်းဈေးကွက်အပြင် ပုသိမ်၊ ရေကြည်စသည့် ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ