မြန်မာနိုင်ငံရဲ့စပါးကျီဖြစ်သော ဧရာဝတီတိုင်းဒေသကြီးတွင် ဆန်စက်များစွာတည်ရှိပါတယ်။ စပါးများကိုဆန်အဖြစ်ကြိတ်ခွဲရာမှ ထွက်ရှိလာတဲ့စပါးခွံများအား ယခင်ကအရက်ချက် စက်ရုံ နှင့် အုတ်ဖုတ်သည့်လုပ်ငန်းများတွင်သာ အသုံးပြုကြပါသည်။ သို့သော်စပါးလှိုင်လှိုင် ပေါသည့်ရာသီများတွင် စပါးကြိတ်ခွဲမှုများ မြင့်တက်လာသည့်နှင့်အညီ စပါးခွံများပေါများလာ သည့်အတွက်စွန့်ပစ်ရသည့် အနေအထားအထိရောက်ရှိလာခဲ့ပါသည်။ ထိုကဲ့သို့စပါးခွံများ စွန့်ပစ်ရန် နေရာရှာရခြင်းမှာလည်း ဆန်စက်ပိုင်ရှင်များအတွက် အခက်အခဲတစ်ခု ဖြစ်နေခဲ့ပါတယ်။ စပါးခွံများပြည့်လာသည့်အတွက် ဆန်စက်များအားရပ်ထားရသည့်အထိ စပါးခွံဖြေရှင်းခန်း ပြသနာဟာ ဆန်စက်ပိုင်ရှင်များအတွက် ခေါင်းခဲစေခဲ့ပါတယ်။ ဆန်စက်ပိုင်ရှင်များဟာ နည်းလမ်းပေါင်းစုံရှာဖွေပြီးသည့်နောက်ပိုင်းမှာတော့ စပါးခွံများကို ထင်းနှင့် မီးသွေးများနေရာတွင် အစားထိုးအသုံးပြုနိုင်မည့် လောင်စာတောင့်များ အဖြစ်ပြောင်းလဲ ထုတ်လုပ်ခဲ့ပါသည်။
စပါးခွံလောင်စာတောင့်များပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် စပါးခွံများအား တစ်မျိုးထဲကိုသာအသုံးပြုပြီး စပါးခွံများကို လောင်စာတောင့်ထုတ်လုပ်မည့် စက်အတွင်းသို့ ထည့်သွင်းရပါတယ်။ စက်၏အောက်ခြေတွင်ရှိသောလွန်သွားလေးများသည် စပါးခွံများအားအမှုန့်ဖြစ်စေရန် အနည်းငယ်ချေဖျက်ပြီးမှသာလျှင် အပူချိန် ၃၈၀ ဒီဂရီ ရှိသော ရေနွေးငွေ့စက်အတွင်းသို့ ထည့်၍ ဖိအားဖြင့်လောင်စာတောင့်များအား ထုတ်လုပ်ပါတယ်။ ထွက်ရှိလာသော လောင်စာတောင့် များအား (၁၅) ပိသာ အထုပ်များထုပ်ပိုး၍ ရန်ကုန်၊ ပဲခူး၊ မန္တလေး တို့ရှိ အထည်ချုပ်စက်ရုံများ၊ အရက်ချက်စက်ရုံများ၊ သံရည်ကျိုစက်ရုံများ၊ ခေါက်ဆွဲခြောက်စက်ရုံများနှင့် ရေနံချက်စက်ရုံများထံသို့ နေ့စဉ်တင်သွင်း ရောင်းချလျက်ရှိကြောင်းကိုလည်း သိရှိရပါတယ်။ စပါးခွံလောင်စာတောင့်များ၏ အပူစွမ်းအားသည် ကျောက်မီးသွေးကိုအပူပေးပါက ထွက်ရှိလာသော အပူပမာဏအထိ ပူပြင်းသည့်အတွက် ထင်း၊ မီးသွေးနှင့် ကျောက်မီးသွေး အစားထိုးနေရာတွင် အသုံးပြုလာကြပါတယ်။ နောက်ပိုင်းမှာတော့ အိမ်ရှင်မများပါ အသုံးပြုမှုများလာသည့်အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပင်လယ်ပိုင်းဒေသများရှိ ငါးဖမ်းယာဉ်များကပါ ဝယ်ယူလာသည့်အထိ လူကြိုက်များလာကြောင်း သိရှိရပါတယ်။ အနည်းဆုံးအလုပ်သမား(၃၀)ဦးဖြင့် နေ့ဆိုင်း/ညဆိုင်းများ ခွဲကာလည်ပတ်လျက်ရှိသော စပါးခွံလောင်စာတောင့်ထုတ်လုပ်သည့် စက်ရုံတစ်ရုံ၏ တည်ထောင် ငွေများသိန်း(၆၀၀၀) ခန့်ရှိပြီး ၎င်းစက်ရုံမျ တစ်နေ့လျှင် စပါးခွံလောင်စာတောင့် ၂၀ပိဿာဝင်အိတ် (၄၀၀၀)ခန့် ၊ တန်အားဖြင့် (၂၀)တန်ခန့်ထွက်ရှိကြောင်း နှင့် တစ်နှစ်လျှင် အမြတ်ငွေသိန်း(၁၂၀၀) ခန့်ရရှိနေကြောင်းလည်း သိရှိရပါတယ်။ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် စပါးခွံလောင်စာတောင့် များကို ပြည်တွင်းအပြင် ပြည်ပပို့ပါ တင်ပို့ နိုင်ရန်အတွက် Mass Production စနစ်အား ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း လေ့လာသိရှိခဲ့ရပါတယ်။
စပါးခွံလောင်စာတောင့်များအား ထင်း နှင့် မီးသွေးများနေရာတွင် အစားထိုးအသုံးပြုကြသည့်အတွက် သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများအား လျှော့ချနိုင်သောကြောင့် သဘာဝပတ်ဝန်းကျင်သည် နောင်အနာဂါတ်မျိုးဆက်သစ်များအတွက် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကောင်းမွန်သောထုတ်လုပ်မှုမျိုးလည်း ဖြစ်ပါကြောင်းနှင့် ပြည်တွင်းလုပ်သားများအတွက အလုပ်အကိုင်များလည်း ဖန်တီးပေးနေသည့် မွန်မြတ်သောလုပ်ငန်းတစ်ခုလည်း ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
Source: https://www.doca.gov.mm