Local News

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ပင်လယ်ငါးခြောက်များ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ပင်လယ်ငါးခြောက်များ အရောင်းအဝယ်ကောင်းမွန်နေကြောင်း လပွတ္တာမြို့နယ် ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်က ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထိ ပင်လယ်ငါးခြောက်များကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများလာခြင်းကြောင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ပင်လယ်ငါးခြောက်အစုံကို တစ်ရက်လျှင် ပိဿာချိန် ၅၀၀ မှ ၂၅၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ “လပွတ္တာမြို့နယ်ကနေ ပင်လယ်ငါးခြောက်အစုံကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပင်လယ်ငါးခြောက်အစုံကို ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထိ အရောင်းအဝယ်ကောင်းမွန်နေပါတယ်။ လက်ရှိတစ်ရက်ကို ငါးခြောက်အစုံပိဿာချိန် ၂၅၀၀ ထိ အရောင်းအဝယ်ဖြစ်နေပါတယ်” ဟု သိရသည်။ လပွတ္တာမြို့နယ်မှ ထွက်ရှိသည့် ငါးခြောက်များမှာ ငါးကွမ်းရှပ်၊ ငါးလိပ်ကျောက်၊ ငါးပုပ်သင်၊ ပင်လယ်ငါးပြေမ၊ ငါးဖောင်ရိုး၊ငါးနီတူစသည့် ပင်လယ်ငါးခြောက်များ အများဆုံး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အဆိုပါငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၇၀၀၀၊ ငါးကွမ်းရှပ် ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၅၀၀၀ ၊ ပင်လယ်ငါးပြေမခြောက် တစ်ပိဿာလျှင် ငွေကျပ် ၅၄၀၀၀ ၊ ငါးလိပ်ကျောက်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၃၀၀၀ ၊ အပဲ့ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၉၅၀၀ ၊ ငါးပုပ်သင်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀၀၊ ငါးနီတူခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၅၀၀၀ အရွယ်အစားအပေါ်မူတည်၍ ဈေးအပြောင်းအလဲရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News