International News

၂၀၂၄ ခုနှစ်၌ စားအုန်းဆီဈေးကွက် ဆက်လက်ခိုင်မာမှုရှိမည်ဟု မလေးရှားဝန်ကြီး ပြောကြား

Last Updated:

မလေးရှားစားအုန်းဆီဈေးကွက်၌ ကမ္ဘာ့ထိပ်တန်း ဝယ်လက်နိုင်ငံများ၏ ဝယ်လိုအားကောင်းမွန်သည့်အတွက် ၂၀၂၄ ခုနှစ်တွင် အပေါင်းလက္ခဏာဆောင်မည့် ဈေးကွက်အခြေအနေ ဖြစ်ပေါ်နိုင်ကြောင်း၊ စားအုန်းဆီ တင်ပို့မှုဈေးကွက်ဝေစုတွင် အိန္ဒိယနိုင်ငံသည် ၁၇.၄%၊ တရုတ်သည် ၉.၁% နှင့် ဥရောပသမဂ္ဂ(EU)သည် ၇.၄% ပါဝင်နိုင်ကြောင်းဖြင့် မလေးရှား ဥယျာဉ်ခြံ စိုက်ခင်းနှင့် ကုန်စည်ရေးရာဝန်ကြီး Mr. Datuk Seri Johari Abdul Ghani က ပြောကြားခဲ့ပါသည်။

စားနပ်ရိက္ခာဖူလုံမှုနှင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ အလုံးစုံအသက်ဝင်နိုင်မှု သေချာစေရန်ရည်ရွယ်ပြီး ဆီလက်ကျန်များ ပိုမိုများလာစေခြင်းဖြင့် ၀ယ်လိုအားကောင်းလာမှုကို အထောက်အပံ့ဖြစ်စေအောင် ဆောင်ရွက်လျက်ရှိကြောင်း၊  စားအုန်းဆီကြမ်း (CPO) ထုတ်လုပ်မှုမှာ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၁၈.၅၅ သန်း သာရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် တန်ချိန် ၁၈.၇၅ သန်းအထိ တိုးတက်လာမည်ဟု မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ခန့်မှန်းထားကြောင်း၊ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ထုတ်လုပ်မှုသည် ၁% ခန့် တိုးတက်လာပြီး လုပ်သား စျေးကွက်အခြေအနေနှင့် ဆီအုန်းပင်များ၏ ရင့်ကျက်မှု အခြေအနေများအရ ပြောပလောက်သော ပမာဏအထိ တိုးတက်လာခြင်းမဟုတ်ပါကြောင်း စသည်ဖြင့် ၃၅ ကြိမ်မြောက် စားသုံးဆီ ဈေးနှုန်းအလားအလာဆိုင်ရာ ညီလာခံနှင့် ပြပွဲအခမ်းအနားတွင် ဝန်ကြီး Mr. Johari က မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၄ ခုနှစ်အတွင်း အပြုသဘောဆောင်သော ရည်မှန်းချက်များအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် စားအုန်းဆီကဏ္ဍအပေါ် အပျက်သဘောဆောင်သော တွေးဆပြောဆိုချက်များကို ဖြေရှင်းဆောင်ရွက်ခြင်း၊ လုပ်ကွက်ငယ် စီးပွားရေးလုပ်ငန်းရှင်များ ကြုံတွေ့ရသည့် အခွင့်အလမ်းများစွာ ဆုံးရှုံးခြင်းပြဿနာ၊ လုပ်သားရှားပါးမှုပြဿနာနှင့် ရာသီဥတု ဖောက်ပြန်မှု (အယ်နီညို) စသည့် အဓိကစိန်ခေါ်မှုများကို လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေးမှာ အရေးကြီးကြောင်း၊  စားအုန်းဆီလုပ်ငန်းက မလေးရှားနိုင်ငံအတွက် အခွင့်အလမ်းများစွာကို ပေးအပ်ထားပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မြင့်မားသော စားအုန်းဆီအရည်အသွေးကို သတ်မှတ်ပေးနိုင်မည့် အလားအလာရှိကြောင်း Mr. Johari က ဆက်လက်ပြောကြားခဲ့ပါသည်။

အမှီအခိုကင်းပြီး စုစည်းလုပ်ဆောင်မှုရှိသည့်  လုပ်ငန်းငယ်ပေါင်း ၄၄၇၀၀၀ ကျော်နှင့်အတူ စားအုန်းဆီလုပ်ငန်းနယ်ပယ်အနေဖြင့် အရည်အသွေးမြင့်ပြီး အထွက်နှုန်းကောင်းသည့် ဆီအုန်း အသီးခိုင်များ စိုက်ပျိုးထုတ်လုပ်ရေးနှင့် စားအုန်းဆီကြမ်းများကို စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးတို့ကို အနာဂတ်ကာလ၌ အာရုံစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  အခြေအမြစ်မရှိသည့် စွပ်စွဲမှုများနှင့် အပျက်သဘောဆောင်သည့် ဝေဖန်တိုက်ခိုက်မှုများကို တုန့်ပြန်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည့် ဘက်ပေါင်းစုံ ထိတွေ့ဆက်ဆံမှုသည်  အရေးကြီးပါကြောင်း၊ ဆီအုန်း စိုက်ပျိုးထုတ်လုပ်သူများ၊ ထုတ်လုပ်သူများ၊ သုတေသီများနှင့် ကုန်သည်များသည် မိမိတို့၏ စားအုန်းဆီလုပ်ငန်းအပေါ် အပျက်သဘောဆောင်သော တိုက်ခိုက်ဝေဖန်မှုကို အတူတကွတိုက်ဖျက်ရန် လိုအပ်မှာဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုရှိရမည်ဖြစ်ကြောင်းဖြင့် ဝန်ကြီး Mr. Johari က ထပ်မံပြောကြားကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းတွင် မလေးရှားစားအုန်းဆီ အသိအမှတ်ပြု‌ရေးကောင်စီ (Malaysian Palm Oil Certification Council-MPOCC) ကို ရေရှည်တည်တံ့ခိုင်မြဲသော မလေးရှားစားအုန်းဆီ အသိ အမှတ်ပြုရေးအဖွဲ့ (Malaysian Sustainable Palm Oil Certification-MSPO) အဖြစ် အမည်ပြောင်းလဲမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းက လက်ရှိဖွဲ့စည်းထားသည့် မလေးရှား စားအုန်းဆီကောင်စီ (MPOC) နှင့် မလေးရှားစားအုန်းဆီ အသိအမှတ်ပြု‌ရေးကောင်စီ (MPOCC) တို့ အမည်ရောထွေးမှုကို ရှင်းလင်းနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး Mr. Johari က ကြေညာခဲ့သည်။

၂၀၂၃ ခုနှစ်၌ ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုများ ဖြစ်ပေါ်ခဲ့သော်လည်း စားအုန်းဆီဈေးကွက် ခိုင်မာအားကောင်းမှုရှိခဲ့သည့်အတွက် ခံနိုင်ရည်ရှိမှုကို ပြသနိုင်ခဲ့ကြောင်း၊ စားအုန်းဆီ လုပ်ငန်းသည် မလေးရှားစီးပွားရေး၏အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိလျက် ယခင်နှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုတန်ဖိုး၌ ၃% ခန့်ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ စားအုန်းဆီကြမ်းဈေးနှုန်း သိသာစွာကျဆင်းနေသော်လည်း စားအုန်းဆီနှင့် စားအုန်းဆီအခြေခံ ထုတ်ကုန်များ တင်ပို့မှုတန်ဖိုးသည် မလေးရှားရင်းဂစ် ၁၀၀ ဘီလီယံကျော်အထိ ပမာဏ တိုးတက်ခဲ့ကြောင်း၊  အဓိကစားသုံးသောဒေသများမှ ဝယ်လိုအားများပြားလာခြင်းနှင့် ပြည်တွင်း စားအုန်းဆီ ထုတ်လုပ်မှုတိုးတက်လာခြင်းတို့က ‌စျေးကွက်တစ်ခုလုံး၏ စွမ်းဆောင်ရည်ကို ပံ့ပိုးပေးကြောင်း  မလေးရှား ဥယျာဉ်ခြံ စိုက်ခင်းနှင့် ကုန်စည်ရေးရာဝန်ကြီး Datuk Seri Johari Abdul Ghani ၏ ပြောကြားချက်များကို ရေးသားဖော်ပြလိုက်ရပါသည်။

Source: The Sun, 5 March 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News