အမေရိကန်က EU မော်တော်ကားများနှင့် ထရပ်ကားများအပေါ် မူလ ၁၅ % မှ ၂၅ % သို့ သွင်းကုန်ခွန် တိုးမြှင့်လိုက်ခြင်းသည် တောင်ကိုရီးယား - အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက်အပေါ် မည်သို့သက်ရောက်မှုရှိနိုင်သည်ကို ဆန်းစစ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတရုံး တာဝန်ရှိသူတစ်ဦးက မေလ ၂ ရက်နေ့က ပြောကြားခဲ့သည်။
တောင်ကိုရီးယားသည် အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ရှိနေပြီး လက်ရှိတွင် မော်တော်ကား သွင်းကုန်ခွန်နှုန်းထားကို ၂၅ % မှ ၁၅ % သို့ လျှော့ချထားကြောင်း၊ အစိုးရအနေဖြင့် ဆက်စပ်ဖြစ်ပေါ်တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်းနှင့် လိုအပ်သလို တုံ့ပြန်သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးသဘောတူညီချက်ကို အကောင် အထည်ဖော်ရန် ဆွေးနွေးနေပြီး နှစ်နိုင်ငံကုန်သွယ်ဆက်ဆံရေးကို တည်ငြိမ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ထရမ့်က EU အပေါ် အကောက်ခွန်တိုးမြှင့်ရခြင်းမှာ EU အနေဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက်ကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့်ဟု အကြောင်းပြထားပြီး လေ့လာသုံးသပ်သူအချို့က ဟော်မုဇ်ရေလက်ကြားအရေးတွင် အမေရိကန်၏ လုံခြုံရေးကြိုးပမ်းမှုများကို ထောက်ခံရန် EU က ငြင်းပယ်ခဲ့မှုအပေါ် လက်တုံ့ပြန်ခြင်းဟု ပြောကြားကြပါသည်။
အဆိုပါ ရေလက်ကြားနှင့်ပတ်သက်၍ ထရမ့်က တောင်ကိုရီးယားကိုလည်း အမေရိကန်အား အကူအညီမပေးသော နိုင်ငံများစာရင်းတွင် ထည့်သွင်းထားပါသည်။ လက်ရှိ ကိုရီးယား - အမေရိကန် သဘောတူညီချက်အရ အကျိုးခံစားခွင့်များ မျှတမှုရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြားနိုင်ငံများထက် မနိမ့်ပါးသော အခွင့်အရေးများရရှိစေရန်ဟူသော မူဝါဒများအပေါ် အခြေခံ၍ တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။
Source: https://commerce.gov.mm/