Local News

အာလူးအရောင်းအဝယ်အေးသော်လည်း ဈေးမြင့်တက်

Last Updated:

          ပြည်တွင်းစားသုံးသူဈေးကွက်တွင် အာလူးအရောင်းအဝယ်အေးသော်လည်း အရည်အသွေးပေါ်မူတည်၍ အာလူးတစ်ပိဿာ လျှင် ၃၀၀ ကျပ်မှ ၇၀၀ ကျပ်အတွင်း ဈေးမြင့်တက်ခဲ့ကြောင်း အာလူးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများထံမှ သတင်းရရှိသည်။ ရှမ်းပြည်နယ်၊ အောင်ပန်းဈေးကွက်တွင် အာလူး ဂေါ်လီမှ တစ်ပိဿာလျှင် ၁၆၀၀၊ ဆွဲ တစ်ပိဿာလျှင် ၁၈၀၀ ကျပ်၊ A1 တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ အိုခေ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်၊ S1 တစ်ပိဿာလျှင် ၂၈၀၀ကျပ်ပေါက် ဈေးရှိသည်။ 

          ဇွန်လပထမအပတ်အတွင်း အာလူးဂေါ်လီမှာ တစ်ပိဿာလျှင် ၆၀၀ ကျပ်ခန့်၊ အာလူး ဆွဲမှာ တစ်ပိဿလျှာင် ၃၀၀ ကျပ်ခန့်၊ A1 တစ်ပိဿာ လျှင် ၇၀၀ကျပ်ခန့်၊ အိုခေ နှင့် S1 တစ်ပိဿာလျှင် ၅၀၀ ကျပ်စီ ဈေးနှုန်းများ တက်လာခြင်းဖြစ်သည်။  "အရောင်းအဝယ်လိုက်လို့   ဈေးတက်လာတာ   မဟုတ်ဘူး။   အာလူးသိပ်မရှိလို့   ဈေးတက်လာတာ၊   အရောင်းအဝယ်က  အေးတယ်။ ဈေးကလည်းမြင့်တော့မစားနိုင်တဲ့သူတွေ များလာတယ်။"ဟုအောင်ပန်းကုန်စည်ဈေးကွက် ကိုရှိန်းကိုကိုကပြောသည်။

          ယခုနှစ်အာလူးစိုက်ရာသီတွင် စိုက်ပျိုးစရိတ်ကြီးမြင့်လာသောကြောင့် တောင်သူတိုင်း အာလူးမစိုက်ပျိုးနိုင်သည့်အတွက် အာလူးထွက်နှုန်းလည်း လျော့ကျကြောင်း၊ ထို့အပြင် မေလ ၁၄ ရက်တွင်ဝင်ရောက်ခဲ့သောမိုခါမုန်တိုင်းကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးရွာခဲ့သဖြင့် အာလူးများတူးဖော်ရာသီတွင် အာလူးများပုတ်၍ ပျက်စီးခဲ့ကြောင်း ရှမ်းပြည်နယ် အောင်ပန်းဈေးကွက်မှ သတင်းရရှိသည်။

          "အရောင်းအဝယ်က ပါးတယ်။ ပုံမှန် ငါးအိတ်ယူတဲ့သူက အခု ၂ အိတ်ပဲယူတယ်။ ပြီးတော့ ကုန်ကလည်း လိုသလောက်မဝင်ဘူး။ အရင်က ပွဲရုံတစ်ရုံမှာ တစ်ရက်ကို ခြောက်ဘီးကား အစီး၂၀ ဝင်တယ်။ အခု အဲလောက်မ ဝင်ဘူး။ လေးငါးခြောက်စီးပဲ ဝင်တယ်" ဟု  အောင်ပန်းမြို့အခြေစိုက် နန်းမေဇော်ပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခင်က အောင်ပန်း ကုန်စည်ဈေးကွက်တွင် ပွဲရုံတစ်ရုံလျှင် ယခင်က တစ်ရက်လျှင် ခြောက်ဘီးကား အစီး၂၀ ဝင်ရောက်သော်လည်း ယခုအခါ တစ်ရက်လျှင် လေး၊ ငါး၊ ခြောက်စီးခန့်သာ အဝင်ရှိကြောင်း အောင်ပန်းဈေး ကွက်မှသတင်းရရှိသည်။

          မန္တလေးမြို့ အာလူးဈေးကွက်တွင် အိုခေ တစ်ပိဿာလျှင် ၂၆၀၀ ကျပ်၊ A1 တစ်ပိဿာလျှင် ၂၄၀၀ ကျပ်ရှိပြီး  အာလူး တစ်ပိဿာလျှင် ၆၀၀ ကျပ် ဈေးတက်လာခြင်းဖြစ်ကြောင်း မန္တလေးကုန်စည် ဈေး ကွက်မှ သတင်းရရှိသည်။ "အရောင်းအဝယ်ပါးတယ်။ အရောင်းအဝယ်လိုက်လို့ ဈေးတက်လာတာ မဟုတ်ဘူး။ အရင်ကဆိုရင် အာလူး တစ်ပိဿာမှ ၂၀၀၀ ဝန်းကျင်က အများဆုံးပဲ။" မန္တလေးမြို့ အာလူးရောင်းချသူတစ်ဦးကပြောသည်။ ရန်ကုန် ဘုရင်နောင်ဈေးကွက်တွင် ဟဲဟိုးအာလူးများသာ အဝင်ရှိပြီး ဇွန်လ ၁၀ ရက်တွင် အာလူး ၇ စီး၊ ပိဿာချိန် ၄၂၀၀၀ အဝင်ရှိပြီး A1 တစ်ပိဿာ ၂၂၅၀၊ အိုခေတစ်ပိဿာ ၂၅၅၀၊ S1 တစ်ပိဿာ၂၅၅၀၊ S2 တစ်ပိဿာ ၂၄၅၀ ကျပ် တစ်ပတ်အတွင်း ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အတွင်း ဈေးမြင့်တက်ခဲ့ကြောင်း သိရှိရသည်။

          ရန်ကုန်မြို့ လက်လီဈေးကွက်တွင် အာလူးဂေါ်လီကိုသာ ဈေးကွက်တင်ရောင်းချကြပြီး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ပေါက်ဈေးရှိကာ အရောင်းအဝယ်မှာ အေးလျက်ရှိကြောင်း လက်လီရောင်းချသူများထံမှ သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် အာလူးစိုက်ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်သည် ရှမ်းပြည်နယ်တွင် စိုက်ပျိုးပြီး  ကျန်ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးကြသည်။ ရှမ်းပြည်နယ်တွင် မိုးအာလူးကို မတ်လ၊ ဧပြီလတွင် စိုက်ပျိုးကြပြီး သြဂုတ်၊ စက်တင်ဘာလ တူးဖော်ကြသည်။  မြေပြန်ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင်အောက်တိုဘာလ၊ နိုဝင်ဘာလတို့တွင် စိုက်ပျိုးကြပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများတွင် တူးဖော်ကြသည်။

Source: Awba 

Category: Local News