Local News

အမြင့်ဈေးတွင်ရှိနေသည့် ငရုတ်သီးခြောက်ဈေးကွက်

Last Updated:

ရွှေမန်း

          ပြည်တွင်းစားသုံးမှု ပုံမှန်ရှိနေသည့်အတွက် ငရုတ်သီးခြောက် အမြင့်ဈေးတွင်ရှိနေခြင်းဖြစ်ကြောင်း ငရုတ်သီးဝယ်ရောင်းလုပ်ကိုင်သူ များထံမှ သိရသည်။ ပြည်ပဝယ်ယူမှု လျော့နည်းနေသော်လည်း ပြည်တွင်းထွက်ရှိမှုမှာ ပြည်တွင်း စားသုံးမှုနှင့်တင် လုံလောက်မှု ရှိနေသည့်အတွက် ဈေးနှုန်းမှာ အမြင့်ဈေးတွေငြိမ်နေခြင်းဖြစ်ကြောင်း သိရသည်။ "ငရုတ်သီးခြောက်ဈေးက အတက်ဈေးနဲ့ ငြိမ်နေကြပြီး ပုံမှန်ပဲသွားနေတယ်။ အရောင်းအဝယ်တော့ အနည်းလေးအေးတယ်။ ပြီးခဲ့တဲ့နှစ်လောက် ဈေးကွက်မဖြစ်လောက်ဘူး။ ဆက်တက်ရင်လဲ ငွေကျပ် ၁၇၀၀၀၊ ၁၈၀၀၀ မကျော်ဘူး။ ပြီးခဲ့တဲ့နှစ်က ၂၀၀၀၀ ကျော်အထိရခဲ့တာ။ တောင်သူအတွက်တော့ ဒီဈေးက တွက်ခြေကိုက်တယ်။ လှောင်ကုန် ထားတဲ့သူတွေကတော့ ဒီဈေးနဲ့ မကိုက်ဘူး"ဟု  ငရုတ်စိုက်ပျိုး ဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

          လက်ရှိ ငရုတ်သီးခြောက် အောက်စသီး တစ်ပိဿာလျှင် ငွေ ကျပ် ၁၁၀၀၀ မှ ၁၃၀၀၀ အထိ ရှိပြီး မိုးထောင်သီး တစ်ပိဿာ လျှင် ငွေကျပ် ၁၃၀၀၀ မှ ၁၄၀၀၀ အထိ ပေါက်ဈေးရှိကြောင်းသိရသည်။ ငရုတ်သီးခြောက်မှာ ဈေးတက်နေသော်လည်း ပြီးခဲ့နှစ်များနှင့်ယှဉ်ပါက အရောင်းအဝယ်ကျဆင်းကာ ဈေးနှုန်းကျဆင်းနေကြောင်း ကုန်သည်များမှ ဆိုသည်။ ယခင်နှစ်များက ငရုတ်သီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀၀ ကျော်အထိ ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်များက သွင်းအားစုများဖြစ်သည့် မြေဩဇာနှင့် စက်ပစ္စည်းများက ဈေးကြီး နေခြင်းကြောင့် ပုံမှန်စိုက်ပျိုးနေသည့် ငရုတ်သီးစိုက်တောင်သူများ အနေဖြင့် အရင်းအနှီးများ၍ မစိုက်ခဲ့ကာ ဈေးကွက်တွင်အဝင်နည်းပြီး ပြည်တွင်း၌ ငရုတ်သီးခြောက်ဈေး အမြင့်ဈေးတွင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ငရုတ်သီးကုန်သည်များထံမှ သိရသည်။

Source: မကွေးဂျာနယ်

Category: Local News