Local News

ကမ္ဘာ့ရော်ဘာဈေးကောင်းလို့ တန်ချိန် ၃ သိန်းခန့် ပြည်ပပို့မယ်

Last Updated:

          ပြည်ပနိုင်ငံများထံသို့ ရော်ဘာတန်ချိန် ၃ သိန်းခန့် ယခု ဘဏ္ဍာနှစ်အတွင်း တင်ပို့သွားမယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရပါတယ်။ ယခု ဇွန်လဆန်းပိုင်းမှာ ကမ္ဘာ့ရော်ဘာဈေးကွက်မှာ ရော်ဘာတစ်ပေါင်ကို ယခင် အမေရိကန်ဒေါ်လာ ၁၆၅၀ ရှိခဲ့ရာမှ ၁၇၀၀ အထိ မြင့်တက်နေပြီး ဈေးကောင်းရရှိနေတာကြောင့် ယခုဘဏ္ဍာနှစ်မှာ တန်ချိန် ၃ သိန်းခန့် တင်ပို့သွားဖို့ရှိနေတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဗဟိုအလုပ်အမှုဆောင် ဦးကျော်ဦးက ပြောကြားထားပါတယ်။

          ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်က စုစုပေါင်း ရော်ဘာတန်ချိန် ၃ သိန်း ၆ သောင်းကျော်ထွက်ရှိခဲ့ပြီး ပြည်ပသို့ ရော်ဘာတန်ချိန် ၂ သိန်းကျော်တင်ပို့ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။မြန်မာ့ ရော်ဘာကို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံတို့ အပြင် တရုတ် (တိုင်ပေ)သို့လည်း နယ်စပ်လမ်းကြောင်းနဲ့ ပင်လယ်ရေကြောင်းတို့မှ တင်ပို့လျက် ရှိနေတာပါ။

       မြန်မာနိုင်ငံမှာ ရော်ဘာစိုက်ဧက ၁ ဒသမ ၆ သန်းကျော်ရှိကာ လက်ရှိအချိန်ဟာ မိုးရာသီကာလဖြစ်တာကြောင့် အထွက်နှုန်းကျဆင်းတဲ့အတွက် ပြည်တွင်းရော်ဘာ အစေးခြစ်ခြင်း လုပ်ငန်းများကို စက်တင်ဘာလကုန်အထိ ရပ်နားထားလေ့ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်း၌ ရော်ဘာကို တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးကြောင်း သိရသည်။

Source: https://t.me/htwettoe

Category: Local News