International News

ကုန်သွယ်မှုချိတ်ဆက်ဆောင်ရွက်သည့်ပလက်ဖောင်း (Trade Connect ePlatform) အား တည်ဆောက်လျက်ရှိကြောင်း

Last Updated:

အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန (Directorate General of Foreign Trade-DGFT) သည် အိန္ဒိယနိုင်ငံ၏ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များနှင့် ကုန်သွယ်မှုနှင့်သက်ဆိုင်သော အဖွဲ့အစည်းများအကြား တိုက်ရိုက်ချိတ်ဆက်နိုင်သည့် “ကုန်သွယ်မှုချိတ်ဆက်ဆောင်ရွက်သည့်ပလက်ဖောင်း (Trade Connect ePlatform)” အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

“ကုန်သွယ်မှုချိတ်ဆက်ဆောင်ရွက်သည့်ပလက်ဖောင်း (Trade Connect ePlatform)” သည် ကုမ္ပဏီများ အနေဖြင့် ကုန်သွယ်မှုများဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရေး၊ ဈေးကွက်နှင့်ထုတ်ကုန် မဟာဗျူဟာများမြှင့်တင်နိုင်ရေးတို့အတွက် နိုင်ငံနှင့်ကုန်ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များကို အထောက်အပံ့ပေးနိုင်စေရန် ရည်ရွယ်၍ တည်ဆောက်ခြင်းဖြစ်သည်။ အဆိုပါ Trade Connect ePlatform သည် ပြည်ပမှ ဝယ်ယူလိုသူများအတွက် အိန္ဒိယနိုင်ငံမှ အလားအလာရှိသည့် ပို့ကုန်လုပ်ငန်းရှင်များကို လွယ်ကူစွာ ရှာဖွေနိုင်ခြင်း၊ အိန္ဒိယနိုင်ငံနှင့် နိုင်ငံတကာဆိုင်ရာ ပို့ကုန်နှင့်ပတ်သက်သည့် အချက်အလက်များ၊ အစိုးရ၏ အကူအညီပေးမှုများ၊ ကုန်စည်ပြပွဲများ၊ ငွေကြေးအထောက်အပံ့ရရှိမှုများကိုပါ သိရှိနိုင်မည့် သတင်းအချက်အလက်များကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။ Trade Connect ePlatform နှင့် စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက https://www. trade.gov.in/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

ဒစ်ဂျစ်တယ်ကုန်သွယ်မှုကွန်ရက် (Open Network for Digital Commerce-ONDC) သည် ပို့ကုန်လုပ်ငန်းရှင်များအတွက် ဦးစားပေးကုန်သွယ်ဖက်နိုင်ငံများစာရင်းများနှင့် နိုင်ငံတကာဒစ်ဂျစ်တယ်ကုန်သွယ်ရေး အချက်အလက်များကို ဖော်ပြပေးနေသည့်ကွန်ရက်တစ်ခု ဖြစ်ပါသည်။  အိန္ဒိယနိုင်ငံ၊ နိုင်ငံခြားကုန်သွယ်မှု ဦးစီးဌာန (Directorate General of Foreign Trade-DGFT) သည် နယ်စပ်ဖြတ်ကျော် e-Commerce မှတစ်ဆင့် အိန္ဒိယနိုင်ငံ၏ ပို့ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒစ်ဂျစ်တယ်ကုန်သွယ်မှုကွန်ရက် (Open Network for Digital Commerce-ONDC) နှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Category: International News