Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေ‌ဖော်ဝါရီလတွင် နေလှန်းဆား ပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် ဒေသထွက်နေလှန်းဆား ပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း လပွတ္တာမြို့နယ်မှ ဆားထုတ်လုပ်ရောင်းဝယ်ရေးပိုင်ရှင် ဒေါ်အေးအေးက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလက ဒေသထွက်နေလှန်းဆား ပိဿာချိန် ၆၇၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေ‌ဖော်ဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့ထိ နေလှန်းဆား ပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“လပွတ္တာမြို့နယ်ကနေ ဒေသထွက်နေလှန်းဆားတွေကို ရန်ကုန်ဈေးကွက်ကိုပဲ တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပိဿာချိန် ၈၄၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိ မတ်လထဲမှာလဲ ပိဿာချိန်တော်တော်များများ တင်ပို့ရောင်းချနေရပါတယ်။ အခုလို ဆားအရောင်းအဝယ်ကောင်းလာတော့ ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာပါတယ်” ဟု ဒေါ်အေးအေးက ပြောပြသည်။

လပွတ္တာမြို့နယ်တွင် ဒေသထွက်နေလှန်းဆားများကို ဆားလုပ်ငန်းရှင်များက စနစ်တကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်သို့အဓိကထား တင်ပို့ရောင်းချလျက်ရှိကြောင်း၊ နေလှန်းဆား ၁၀ ပိဿာလျှင် ငွေကျပ် ၄၅၀၀၀ ထိ ဈေးပေါကနေကြောင်း၊ အဆိုပါဒေသထွက်နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည် စသည့်လုပ်ငန်းများတွင် အဓိကအသုံးပြုကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News