Local News

ကျိုက်မရောမြို့နယ်ရှိ ဘိန်းဗျောကျေးရွာ အုတ်ဖိုလုပ်ငန်းမှ ထွက်ရှိသောအုတ်များ အရည်အသွေးကောင်း၍ ဝယ်လိုအားကောင်းနေ

Last Updated:

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ အုတ်ဖိုလုပ်ငန်းမှ ထွက်ရှိသည့် သဘာဝမှရရှိသော ကုန်ကြမ်းများကို အသုံးပြု၍ပြုလုပ်သည့် လက်ရိုက်အုတ်များ အရည်အသွေး ကောင်း၍ ဝယ်လိုအားကောင်းကာ  ဈေးကောင်းရရှိနေကြောင်း သိရသည်။ အဆိုပါအုတ်ဖိုလုပ်ငန်းကို နိုဝင်ဘာလမှ ဧပြီလကုန်အထိ အုတ်ဖိုလုပ်သား ၂၅ ဦးခန့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ပွင့်လင်းရာသီတွင် နေအိမ်ဆောက်လုပ်သူ များပြားလာသည့်အပြင် တခြားဆောက်လုပ်ရေး လုပ်ငန်းများလည်း လုပ်ကိုင်သူ များလာခြင်းကြောင့် အုတ်ဖိုလုပ်ငန်းမှ အုတ်များကို မှာယူမှုများလာသဖြင့် ကျိုက်မရောမြို့နယ်အတွင်းသာမက မုဒုံ၊ မော်လမြိုင်နှင့်သံဖြူဇရပ်မြို့နယ်တို့အထိ တင်ပို့ရောင်းချနေရကြောင်း သိရသည်။ 

ယင်းအုတ်ဖိုလုပ်ငန်းမှ အလုပ်သမားတစ်ဦးလျှင် တစ်ရက်လုပ်အားခအနေဖြင့် ငွေကျပ် ၈၀၀၀ မှ ၁၀၀၀၀ အထိရရှိကြောင်း၊ အုတ်ဖိုလုပ်ငန်းမှ တစ်ရက်လျှင် အုတ်အလုံးရေ ၉၀၀၀ ခန့်ထွက်ရှိကာ အုတ်တစ်လုံးလျှင် ငွေကျပ် ၁၀၀ မှ ၁၁၀ အထိ ဈေးနှုန်းရရှိကြောင်းနှင့် လက်ရှိတွင်မှာယူသူ များပြားလာသဖြင့် အုတ်ဖိုလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News