International News

ထိုင်းဆန်ဈေးနှုန်းများ ၃ လအတွင်း အမြင့်ဆုံးရောက်ရှိ

Last Updated:

ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့် အိန္ဒိယနိုင်ငံ၏ ဆန်များအပေါ် ဝယ်လိုအားထိုင်းမှိုင်းနေပြီး  ဈေးနှုန်းတည်ငြိမ်လျက်ရှိသော်လည်း ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်ဈေးနှုန်းများသည် ရောင်းလိုအား နည်းပါးမှုနှင့် ဝယ်လိုအားခိုင်မာအားကောင်းမှုအရ ယခုသီတင်းပတ်၌ ၃ လအတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိလာကြောင်း Bangkok Post သတင်းဌာနက ၁၆-၅-၂၀၂၄ နေ့တွင် ဖော်ပြ ပါသည်။

ဆန်ကွဲ ၅% ပါဝင်သော ထိုင်းဆန်၏ ဈေးနှုန်းသည် ယခင်ရက်သတ္တပတ်၌ ၁ တန်လျှင် ဒေါ်လာ ၆၀၀ ခန့်သာရှိရာမှ ဆက်လက်မြင့်တက်ခဲ့ပြီး ၆၃၂ ဒေါ်လာမှ ၆၄၀ ဒေါ်လာ နှုန်းထား အတွင်းသို့ ရောက်ရှိလာခဲ့သည်။ ထိုင်းဆန်၏ ရောင်းလိုအားအပိုင်းတွင် လျော့နည်းလာမှုနှင့်အတူ အင်ဒိုနီးရှားနိုင်ငံမှ ဝယ်လိုအား မြင့်မားလျက်ရှိခဲ့ခြင်း၊ ဘရာဇီးနိုင်ငံ၌ ရေကြီးနစ်မြုပ်မှုကို ကြုံတွေ့ခဲ့ရခြင်းတို့က ထိုသို့ဈေးနှုန်းများကို မြင့်တက်စေခြင်းဖြစ်ကြောင်း ဘန်ကောက်မြို့ အခြေစိုက်ကုန်သည်တစ်ဦး၏ ပြောဆိုခဲ့သည်။

ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် မြို့များနှင့် လယ်ယာစိုက်ခင်းများမှာ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ပြီး တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများနှင့် ဒေသခံပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်မှုရှိ ကြောင်း၊ အခြေခံအဆောက်အအုံများ အကြီးအကျယ် ထိခိုက်ပျက်စီးမှုရှိပြီး လယ်ယာထွက်ကုန်များအား ဒေသခံပြုပြင်ထုတ်လုပ်သူများနှင့် Rio Grande ဆိပ်ကမ်းတို့သို့ သယ်ယူပို့ဆောင်ခြင်းကို နှောင့်နှေးမှုဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထိုင်းပြည်တွင်း ဆန်ဝယ်လိုအားနှင့် လုပ်ငန်းဆောင်ရွက်မှုတို့သည် ပျားပန်းခပ် လှုပ်ရှားလျက်ရှိပြီး ဆန်အသစ်များသည် ရှေ့လာမည့် ဇူလိုင်လကျမှသာ ဈေးကွက်ဝင်ရောက်လာမည်ဟု ဘန်ကောက်အခြေစိုက် အခြားကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင်မူ ဆန်ကွဲ ၅% ပါဝင်သော ပေါင်းဆန်အား ယခင်ရက်သတ္တပတ်အတိုင်း ပြောင်းလဲမှုမရှိပဲ ၁ တန်လျှင် ၅၃၁ ဒေါ်လာမှ ၅၃၉ ဒေါ်လာအတွင်း ဈေးနှုန်းဖြင့် ယခု သီတင်းပတ်၌ ကမ်းလှမ်းရောင်းဝယ်လျက်ရှိသည်။ အိန္ဒိယနိုင်ငံတောင်ပိုင်း အန္တရာပရာဒေ့ရှ်ပြည်နယ်မှ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက အိန္ဒိယဆန်များသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအရ ပိုမို ယှဉ်ပြိုင်နိုင်စွမ်းရှိသော်လည်း ဝယ်လိုအားမှာ ယခုတိုင်မြင့်မားလာခြင်းမရှိဟု ပြောဆိုခဲ့သည်။

တစ်ချိန်တည်းတွင် ဗီယက်နမ်ဈေးကွက်၌ ဆန်ကွဲ ၅% ပါဝင်သောဆန်ဈေးနှုန်းမှာ ယခင်သီတင်းပတ်၌ ၁ တန်လျှင် ၅၈၅ ဒေါ်လာသာရှိရာမှ ၁၆-၅-၂၀၂၄ နေ့တွင် ၅၈၅ ဒေါ်လာမှ ၅၉၀ ဒေါ်လာ နှုန်းထားအတွင်းသို့ မြင့်တက်ခဲ့သည်ဟု ကုန်သည်များကပြောဆိုကြသည်။ ဟိုချီမင်းမြို့ အခြေစိုက်ကုန်သည်တစ်ဦးကလည်း ဗီယက်နမ်ဆန်အပေါ် ဝယ်လိုအားကောင်းမွန်လျက်ရှိသော်လည်း ပြည်တွင်းမှ ပေးသွင်းနိုင်မှုမှာ နည်းပါးလျက်ရှိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေး အေဂျင်စီဖြစ်သော Bulog အဖွဲ့သည် ဆန်ပိုမိုဝယ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

Source: Bangkok Post, 16 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News