ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ဖေဖော်ဝါရီလမှစတင်၍ ခရမ်းချဉ်သီးများ ခူးဆွတ်ရောင်းချလျက်ရှိသည်။ အဆိုပါ ခရမ်းချဉ်သီးများ ခူးဆွတ်ရောင်းချရာတွင် တောင်သူများအနေဖြင့် ဈေးနှုန်းမတည်ငြိမ်မှုများကြောင့် အရောင်းအဝယ်အေးနေကြောင်း သိရသည်။ ပင်းတယမြို့နယ်တွင် ခရမ်းချဉ်သီးများကို မိုးသီးနှံ၊ နွေသီးနှံခွဲ၍စိုက်ပျိုးကြပြီး ရေခြံများမှာ ရာသီအလိုက်ရရှိသည့် သီးနှံများကိုစိုက်ပျိုးကြကာ ယခုခရမ်းချဉ်သီးကို စိုက်ပျိုးရာတွင် မျိုးစေ့များပျိုးထောင်ပြီး တစ်လအကြာတွင် ပျိုးပင်များကို ရာသီဥတုအပေါ်မူတည်၍ စိုက်ပျိုးသည်။ ပျိုးပင်များစိုက်ပျိုးပြီး နှစ်လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း သိရသည်။ ခရမ်းချဉ်သီးတစ်ပင်လျှင် အနည်းဆုံး တစ်ပိဿာခန့်ထွက်ရှိပြီး တစ်ပတ်တစ်ခါ ပျိုးပင်ပေါ်မူတည်ပြီးခူးဆွန်ကြကာ အောင်ပန်းမြို့ပွဲရုံများနှင့် မန္တလေးမြို့ပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ တချို့သီးနှံပွဲစားများအနေဖြင့် စိုက်ကွင်းထဲသို့ ကိုယ်တိုင်လာရောက် အခင်းပြတ်ဝယ်ယူကြကြောင်း သိရသည်။ ပင်းတယမြို့နယ်တွင် ရာသီအလိုက် ဒေသထွက်ကုန်များအနေဖြင့် ကော်ဖီ၊ လက်ဖက်၊ ဂျုံ၊ ပြောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ ဂျူး၊ ပဲပုပ်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီးနှင့် တောင်ယာစပါးများ စသည်တို့ကိုအများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။
Source: ကြေးမုံသတင်းစာ