Local News

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်စည်ကုန်သွယ်ရေးညွှန်းကိန်းက ကုန်သွယ်မှုသည်အားနည်းသော တက်ရိပ်ရှိကြောင်း ပြသ

Last Updated:

ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ်အတွင်း ကျဆင်းခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်အတွင်း သင့်တင့်သော အတက်ဘက်သို့ ပြန်လည်ညွှန်ပြနေကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကုန်စည်ကုန်သွယ်ရေးညွှန်းကိန်း (WTO Goods Trade Barometer) က ဖော်ပြခဲ့ပါသည်။ သို့သော် ပထဝီနိုင်ငံရေးတင်းမာမှုများက အနီးစပ်ဆုံးကာလကို ခန့်မှန်းရန် ဆက်လက်ခက်ခဲလျက်ရှိပါသည်။

(ကုန်စည်ကုန်သွယ်ရေးညွှန်းကိန်း - Goods Trade Barometer ဆိုသည်မှာ ကမ္ဘာ့ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ ကုန်စည်ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက် တိုးတက်ဖြစ်ပေါ်မှုများကို အချိန်နှင့်တပြေးညီ ပေါင်းစုဖော်ပြထားသော ဦးဆောင်ညွှန်းကိန်းတစ်မျိုး ဖြစ်ပါသည်။ ၁၀၀ အထက် ညွှန်းကိန်းတန်ဖိုးများက ကမ္ဘာ့ကုန်သွယ်မှုပမာဏသည် အတက်ဘက်သို့ရောက်နေကြောင်းဖော်ပြပြီး ၁၀၀ အောက်ညွှန်းကိန်းတန်ဖိုးများက ကမ္ဘာ့ကုန်သွယ်မှု ကျဆင်းခြင်း (သို့မဟုတ်) မကြာမီ ကျဆင်းမည်ဟုဖော်ပြခြင်း ဖြစ်ပါသည်။)

လက်ရှိကုန်စည်ကုန်သွယ်မှုညွှန်းကိန်း ၁၀၀.၆ သည် ပြီးခဲ့သည့် ၃ လတစ်ကြိမ် ကုန်သွယ်မှုပမာဏညွှန်းကိန်းများထက် ပိုမိုမြင့်မားသော်လည်း အခြေခံတန်ဖိုး ၁၀၀ ထက်အနည်းငယ်သာ သာလွန်ခဲ့ပါသည်။ အဆိုပါညွှန်းကိန်းအရ ကမ္ဘာ့ကုန်စည်ကုန်သွယ်မှု သည် ၂၀၂၄ ခုနှစ် အစောပိုင်းကာလများအတွင်း တဖြည်းဖြည်း ပြန်လည်တိုးတက်လာနိုင်သော်လည်း ဒေသတွင်း အငြင်းပွားမှုများနှင့် ပထဝီနိုင်ငံရေးတင်းမာမှုများက အလွယ်တကူလမ်းကြောင်း ပျောက်စေနိုင်ကြောင်း သိရှိရပါသည်။

၂၀၂၃ခုနှစ်၊ တတိယသုံးလပတ်အတွင်း ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် ဒုတိယသုံးလပတ်ထက် ၀.၄ % ကျဆင်းခဲ့ပြီး ၂၀၂၂ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂.၅ % ကျဆင်းခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ တတိယသုံးလပတ် ကုန်သွယ်မှုသိသိသာသာ တိုးတက်ခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ တတိယသုံးလပတ်ကုန်သွယ်မှုကျဆင်းခဲ့ခြင်းသည် ပိုမိုထင်ရှားသွားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုပမာဏသည် အများအားဖြင့်တည်ငြိမ်နေခဲ့ပြီး တတိယသုံးလပတ်ကုန်သွယ်မှုသည် နှစ်စမှစ၍ သိသာစွာပြောင်းလဲမှုမရှိခဲ့ဘဲ  ၂ နှစ်အတွင်း ၃.၂ % တိုးတက်ခဲ့ပါသည်။ အဆိုပါတိုးတက်မှုများသည် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုသည် ၀.၈ % တိုးတက်မည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ ခန့်မှန်းချက်ထက် လျော့နည်းခဲ့ပါသည်။

ညွှန်းကိန်းများအနက် ပို့ကုန်အမှာစာများညွှန်းကိန်းက ၁၀၁.၇၊  လေကြောင်းကုန်စည်ပို့ဆောင်မှု ညွှန်းကိန်းက ၁၀၂.၃ တို့ဖြင့် တိုးတက်မှုလမ်းကြောင်းအထက် အနည်းငယ်တွင်ရှိပြီး၊ ကွန်တိန်နာသ​င်္ဘောများဖြင့် သယ်ယူပို့ဆောင်ခြင်းညွှန်းကိန်းက ၉၈.၆၊ ကုန်ကြမ်းပစ္စည်းများ ကုန်သွယ်မှုညွှန်းကိန်းက ၉၉.၁ တို့ဖြင့် တိုးတက်မှုလမ်းကြောင်းအောက် အနည်းငယ်တွင် တည်ရှိပါသည်။ မော်တော်ကားထုတ်လုပ်မှုနှင့် ရောင်းချမှုညွှန်းကိန်းသည် လတ်တလော အရှိန်လျော့သွားသော်လည်း ၁၀၆.၃ ဖြင့် တိုးတက်မှုလမ်းကြောင်းအထက်တွင် တည်ရှိပါသည်။ လျှပ်စစ်ပစ္စည်းများ ကုန်သွယ်မှုညွှန်းကိန်းသည် ၉၅.၆ ဖြင့် ပြီးခဲ့သည့်ညွှန်းကိန်းထက် ပိုမိုတိုးတက်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် ကုန်စည်ကုန်သွယ်မှုတိုးတက်မှုသည် ပျမ်းမျှအောက်ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ပြန်လည်တိုးတက်လာနိုင်သည်ဟု မျှော်လင့်ထားကြောင်၊ သို့သော် အကျဘက်သို့ ဦးတည်သည့် အားနည်းချက်များကြောင့် မရေရာမသေချာမှုများမှာလည်း မြင့်မားနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က သုံးသပ်ထားပါသည်။

Source: www.wto.org

Source: https://commerce.gov.mm

Category: Local News