Local News

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒေသထွက်ဖူးစားပြောင်း အဖူးရေအများအပြား တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ဖူးစားပြောင်းအဖူးရေ အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငပုတောမြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဖြူဖြူဝင်းက ပြောပြသည်။ ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလက ဒေသထွက်ဖူးစားပြောင်း အဖူးရေ ၈၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖူးစားပြောင်းအဖူးရေ ၁၉၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့သည် ဖေ‌ဖော်ဝါရီလအတွင်း ငပုတောမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို ဖူးစားပြောင်းအဖူးရေအများအပြား တင်ပို့ရောင်းချခဲ့ရပါတယ်။ ငပုတောမြို့နယ်ကနေ ဒေသထွက်ဖူးစားပြောင်းတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုကောင်းနေလို့ တင်ပို့အားကောင်းခဲ့တာဖြစ်ပါတယ်။ ကုန်ပစ္စည်းတွေ များများတင်ပို့ရောင်းချနေရတော့ ဖူးစားပြောင်းစိုက်တောင်သူတွေ၊ ကုန်သည်တွေကအစ အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းလာပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ဖူးစားပြောင်းတွေက အရည်အသွေးကောင်းပါတယ်” ဟု ငပုတောမြို့နယ်လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဖြူဖြူဝင်းက ပြောပြသည်။ ငပုတောမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ဒေသထွက်ဖူးစားပြောင်းများကို ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အဆိုပါဒေသထွက်ဖူးစားပြောင်း အဖူးရေ ၁၀၀ လျှင် ငွေကျပ် ၂၉၅၀၀ မှ ငွေကျပ် ၃၃၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News