မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ဝါသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် ၁၃၃၂၅ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၉၄၂၇ ဧက၊ မြစ်သားမြို့နယ်တွင် ဧက ၅၃၀၀ စုစုပေါင်း ၂၈၀၅၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ မိုးနှောင်းချည်မျှင်ရှည်ဝါများကို ဩဂုတ်လတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလဆန်းပိုင်းတွင် စတင်ရိတ်သိမ်း ရကြောင်း၊ ချည်မျှင်ရှည်ဝါစိုက်ပျိုးမှုအနေဖြင့် ပေါင်စနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် အိန္ဒိယ(ရာကာ)မျိုးများဖြစ်သော (၃၃၃)လုံး၊ (၆၆၆)လုံးနှင့် (၉၉၉)လုံးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် ဝါမျိုးစေ့ ၁၂-၁၃ ပိဿာခန့် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၃၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ချည်မျှင်ရှည်ဝါအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပိဿာ ၄၀၀-၅၀၀ ခန့် ထွက်ရှိပြီး တစ်ပိဿာလျှင် ငွေကျပ် ၂၉၀၀-၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်ဧကလျှင် ငွေကျပ် ၈၅၀၀၀၀ အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ဝါအထွက်နှုန်းကောင်းမွန်လျက်ရှိသောကြောင့် တောင်သူများအကျိုးအမြတ် ရလျက်ရှိကြောင်း ဝါစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။
Source: ကြေးမုံ သတင်းစာ