ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင် ဒေသထွက် တိုင်ထောင်ပဲသီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဓနုဖြူမြို့နယ် ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုက ပြောပြသည်။ ဓနုဖြူမြို့နယ်တွင် ဒေသထွက်တိုင်ထောင် ပဲသီးများကို ကုန်စိမ်းဈေးကွက်၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်မှ ယနေ့ထိ တစ်ရက်လှင် တိုင်ထောင်ပဲသီး ပိဿာချိန် ၁၅၀ မှ ၃၅၀ ထိ ဝယ်ယူမှုအားကောင်းမွန်လာပြီး အရောင်းအဝယ်ကောင်းလာကြောင်း၊ အဆိုပါ တိုင်ထောင်ပဲသီး တစ်ပိဿာလျှင် ငွေကျပ် ၉၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ဓနုဖြူမြို့နယ်ကနေ ထွက်တဲ့ တိုင်ထောင်ပဲသီးတွေကို အခြားမြို့နယ်တွေက ဝယ်ယူအားများနေပါတယ်။ လက်ရှိ တစ်ရက်ကို တိုင်ထောင်ပဲသီး ပိဿာချိန် ၃၅၀ ထိ အရောင်းအဝယ်ဖြစ်နေပါတယ်။ အခုလို ဒေသထွက်ကုန်တိုင်ထောင်ပဲသီးတွေ ဝယ်ယူအားကောင်းလာတော့ ဟင်းသီးဟင်းရွက်စိုက်ပျိုးတဲ့ တောင်သူတွေ ပိုမိုအဆင်ပြေလာပါတယ်” ဟု ဓနုဖြူမြို့နယ် ကုန်စိမ်းဈေး ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုက ပြောပြသည်။ ဓနုဖြူမြို့နယ်တွင် တိုင်ထောင်ပဲသီးများ ဝယ်ယူမှုအားကောင်းမွန်လာသည့်အတွက် ထပ်မံတိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်နေကြောင်း၊ ဒေသထွက်ကုန်များသာ ရောင်းချရသည့်အတွက် သယ်ယူစရိတ်ကုန်ကျမှု သက်သာခြင်း၊ လတ်ဆတ်သည့် သီးနှံများကိုသာ အရောင်းအဝယ်ပြုလုပ်ရခြင်းတို့ကြောင့် တောင်သူများအတွက် အဆင်ပြေလျက်ရှိကြောင်း ဓနုဖြူမြို့နယ်ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ညိုထံမှ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ