ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း မျှင်ငါးပိ ပိဿာချိန် ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ်မှ ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေဦးက ပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ဒေသထွက်မျှင်ငါးပိများကို ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက မျှင်ငါးပိ ပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ မျှင်ငါးပိ ပိဿာချိန် ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသထွက် မျှင်ငါးပိ တစ်ပိဿာလျှင် ငွေကျပ် ၂၇၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “ဖျာပုံဒေသထွက် မျှင်ငါးပိတွေကို ရန်ကုန်ဈေးကွက်နဲ့ အခြားဒေသတွေကို တင်ပို့ရောင်းချနေပါတယ်။ ဒီဇင်ဘာလအတွင်း မျှင်ငါးပိ ပိဿာချိန် ၆၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ အခုလို မျှင်ငါးပိတွေအရောင်းအဝယ်ကောင်းလာတော့ ငါးပိလုပ်ငန်းနဲ့ ဆက်စပ်သူတွေ အလုပ်အကိုင်အခွင့်အလမ်းကောင်းနေပါတယ်” ဟု ဖျာပုံမြို့နယ်မှ ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေဦး က ပြောပြသည်။ ဖျာပုံမြို့နယ်တွင် ရေထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များက ဒေသခံရေလုပ်သား များထံမှ မျှင်ကောင်များကို ဝယ်ယူပြီး အသင့်စားသုံးနိုင်သော မျှင်ငါးပိအဖြစ်ထုတ်လုပ်ရောင်းချနေခြင်းဖြစ်ကြောင်း ဖျာပုံမြို့နယ်မှ ငါးပိ၊ ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေဦးကိ ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ