Local News

ဘိုကလေးမြိုနယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အုန်းသီးအလုံးရေ ၃၅၀၀၀၀ တင်ပို့‌‌‌ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အုန်းသီးအလုံးရေ ၃၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဘိုကလေးမြို့နယ်မှ အုန်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါ်ခိုင်ခိုင်ဝင်းက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက အုန်းသီးအလုံးရေ ၂၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်ထိ အုန်းသီးအလုံးရေ ၃၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ တင်ပို့ရောင်းချခဲ့သည့် အုန်းသီးများမှာ အလုံးရေ ၁၀၀ လျှင် ငွေကျပ် ၅၇၀၀၀ ထိ ဈေးရရှိခဲ့ကြောင်း သိရသည်။

“ဘိုကလေးမြို့နယ်ကနေ လယ်ယာထွက်ကုန်တွေကော ခြံထွက်သီးနှံတွေပါ ရန်ကုန်ဈေးကွက်ကိုပဲ တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့လက အုန်းသီးအလုံးရေ ၃၅၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်ကနေလက်ရှိ ဒေသထွက်ကုန် အုန်းသီးတွေ ဝယ်လိုအားကောင်းနေတယ်။ ပြည်တွင်းမှာကို အုန်းသီးတွေဝယ်လိုအားလိုက်နေတယ်လို့ သိရပါတယ်။ လက်ရှိ အုန်းသီးဈေးကလဲ စိုက်ပျိုးသူတွေ အဆင်ပြေတဲ့ဈေးနှုန်းဖြစ်ပါတယ်။ ဘိုကလေးကနေ ဒေသထွက်အုန်းသီးတွေကို အုန်းသီးခြောက်၊ အုန်းသီးစိမ်း၊ အုန်းသီးနုဆိုပြီး တင်ပို့ရောင်းချနေတာပါ” ဟု ဘိုကလေးမြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးလုပ်ငန်းရှင် ‌ဒေါ်ခိုင်ခိုင်ဝင်းက ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ထွက်ရှိသည့်အုန်းသီးများကို ကုန်တင်ကား၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ဒေသထွက်အုန်းသီးများ ဈေးကောင်းရရှိခြင်း၊ ဝယ်လိုအားကောင်းလာခြင်းကြောင့် အုန်းစိုက်ပျိုးရေးတောင်သူများ၊ ကုန်ထမ်းလုပ်သားများ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ကား၊ အငှားလိုက်သူများ အဆင်ပြေနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News