International News

ပင်လယ်နက် ကောက်ပဲသီးနှံ သဘောတူညီချက် သက်တမ်း ၂ လ ထပ်တိုး

Last Updated:

       ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကို ရှောင်ရှားရန် ယမန်နှစ်တွင် ယူကရိန်းဆိပ်ကမ်းများမှ ဂျုံအပါအဝင် ကောက်ပဲသီးနှံများ ပင်လယ်နက်ကို ဖြတ်သန်းပြီး ပင်လယ်ရေကြောင်းဖြင့် သယ်ယူခွင့် ပေးရန်အတွက် တူရကီက ကြားဝင်ဆောင်ရွက်ပေးပြီး  ပင်လယ်နက် ကောက်ပဲသီးနှံ သဘောတူညီချက်ရရှိအောင် လုပ်ဆောင်ခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် ၂၀၂၃ မေလ ၁၈ ရက်တွင် သက်တမ်းကုန်ဆုံးခဲ့သည်။ နောက်ထပ် သက်တမ်း ၂ လ တိုးရန် သဘောတူညီချက် ရရှိကြောင်း တူရကီ သမ္မတ Recep Tayyip Erdogan က မေလ ၁၇ ရက်တွင် ကြေညာခဲ့သည်။ သို့ဖြစ်ရာ ဇူလိုင်လ ၁၈ ရက်အထိ သက်တမ်း ဆက်ရှိမည် ဖြစ်သည်။

     ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံရှိ ပင်လယ်နက် ဆိပ်ကမ်းများမှ ကောက်ပဲသီးနှံများ တင်ပို့မှု ရပ်ထားခဲ့ရသည်။ ယူကရိန်းနိုင်ငံရှိ ပင်လယ်နက်ဆိပ်ကမ်းသုံးခုမှ ကောက်ပဲသီးနှံ တင်ပို့မှုများ ပြန်လည်စတင်ရန်အတွက် တူရကီ၊ ကုလသမဂ္ဂ၊ ရုရှားနှင့် ယူကရိန်းတို့သည် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် အစ္စတန်ဘူလ်မြို့မှာ  သဘောတူညီချက်ကို ကနဦးလက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသုံးနိုင်ငံမှ တာဝန်ရှိသူများနှင့် အတူ ပူးတွဲညှိနှိုင်းရေးစင်တာကို ကုလသမဂ္ဂက အစ္စတန်ဘူလ်တွင် ထူထောင်ခဲ့ပြီး သင်္ဘောများဖြင့် တင်ပို့မှုများကို ကြီးကြပ်ကွပ်ကဲခဲ့သည်။ ပြီးခဲ့သည့် မတ်လတွင် ရုရှားနိုင်ငံက ပင်လယ်နက် ကောက်ပဲသီးနှံ သဘောတူညီချက်ကို သက်တမ်း ၂ လ တိုးပေးခဲ့ပြီး ယခု နောက်ထပ် ၂ လ သက်တမ်းတိုးလိုက်ခြင်း ဖြစ်ပါသည်။

Source Khmertimeskh 

https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/6205-black-sea-grain-deal.html

Category: International News