Local News

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ကွမ်းသီးခြောက် ပိဿာချိန် ၉၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ကွမ်းသီးခြောက်ပိဿာချိန် ၉၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်မှ ကွမ်းသီးရောင်းဝယ်‌ရေးပွဲရုံပိုင်ရှင် ဒေါ်တင်ညိုက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းကကွမ်းသီးခြောက် ပိဿာချိန် ၇၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လအတွင်းက ကွမ်းသီးခြောက် ပိဿာချိန် ၉၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“လက်ရှိကွမ်းသီးခြောက်ပေါက်ဈေးက ကွမ်းသီးစိုက်တဲ့သူတွေနဲ့ သိုလှောင်တဲ့သူတွေပါ အဆင်ပြေနေပါတယ်။ ဇွန်လအတွင်းက ရန်ကုန်ဈေးကွက်ကို ကွမ်းသီးခြောက်ပိဿာချိန် ၉၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိလဲ ကျိုက်လတ်မြို့နယ်က ထွက်ရှိတဲ့ကွမ်းသီးခြောက်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ အခုနှစ် ကွမ်းသီးခြောက်ကပြည်တွင်းမှာကို လိုအပ်ချက်အရမ်းများနေပါတယ်။ ရန်ကုန်ဘက်ကလဲ နေ့စဉ် အမှာကုန်တွေရှိနေပါတယ်” ဟု ကျိုက်လတ်မြို့နယ်မှ ကွမ်းသီး‌ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်တင်ညိုက ပြောပြသည်။

ကျိုက်လတ်မြို့နယ်တွင် ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းများသည် ဒေသထွက်ကွမ်းသီးများကို လိုက်လံဝယ်ယူပြီး အလုံးအတိုင်းနှင့် ကွမ်းသီးစိတ်များပြုလုပ်၍ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ကွမ်းသီးခြောက်အရောင်းအဝယ်ကောင်းမွန်လာသည့်အတွက် သိုလှောင်ထားသူများ၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ၊ လုပ်သားများ အဆင်ပြေလာကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

 

Category: Local News