Local News

မန္တလေးဈေးကွက်အတွင်း ပဲပုပ်(ရှမ်း)များ အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

Last Updated:

မန္တလေးဈေးကွက်အတွင်း ပဲပုပ်(ရှမ်း)များ အ‌ရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ယခင်က ပြည်တွင်းဈေးကွက်အတွင်း ပဲပုပ်(ရှမ်း)များကို ကုန်သည်များက ဝယ်ယူမှုနည်းခြင်းကြောင့် အရောင်းအဝယ်အေးခဲ့ကြောင်း၊ ယခုလက်ရှိ ရှမ်းပြည်နယ်ဘက်မှထွက်ရှိသည့် ပဲပုပ်(ရှမ်း)များ မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်ပြန်လည်ကောင်းမွန်လာပြီး ကုန်သည်များက ဈေးကောင်းပေး၍ ဝယ်ယူမှုများရှိလာကြောင်း သိရသည်။

“ရှမ်းပြည်နယ်ဘက်ကထွက်တဲ့ ပဲပုပ်ကို အခုလတ်တလော မန္တလေးဈေးကွက်အတွင်းအဝယ်လိုက်နေပြီး အရောင်းအဝယ်ကောင်းနေတယ်။ ပြည်ပကနေပြီးတော့ ပြည်တွင်းကထွက်ရှိတဲ့ပဲပုပ်ကို မှာယူမှုအနည်းငယ်လောက်ပဲရှိတယ်” ဟု အတွင်းရေးမှူး ‌ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေးဈေးကွက်အတွင်း ဇူလိုင်လ ၁၈ ရက်ပေါက်ဈေးအရ ပဲပုပ်(ရှမ်း) ၅၃ ပိဿာဝင်တစ်အိတ်လျှင် ငွေကျပ် ၂၂၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

အလားတူ ရေဦးဘက်မှထွက်ရှိသည့် ပဲပုပ်(ဗမာ)အမျိုးအစားများလည်း မန္တလေးဈေးကွက်အတွင်း ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လက်ရှိတွင် ပဲပုပ်(ဗမာ) ၅၃ ပိဿာဝင် တစ်အိတ်လျှင် ငွေကျပ် ၂၁၀၀၀၀ ပေါက်ဈေးရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)မှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News