Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ကွမ်းသီးအစိမ်းအလုံးရေ ၈၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ကွမ်းသီးအစိမ်း အလုံးရေ ၈၅၀၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီမော်က ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်မေလအတွင်း ကွမ်းသီးအစိမ်းအလုံးရေ ၅၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တစ်လအတွင်း ကွမ်းသီးအစိမ်းအလုံးရေ ၈၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကွမ်းသီးစိမ်း အလုံးရေ ၁၀၀ လျှင် ငွေကျပ် ၈၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

“ပြည်ပဈေးကွက်က ကွမ်းသီးအစိမ်းတွေမှာယူမှုများလာလို့ ရန်ကုန်ဈေးကွက်ကို အများအပြားတင်ပို့နေရခြင်းဖြစ်ပါတယ်။ တင်ပို့နေရတဲ့ ကွမ်းသီးကတော့ အရည်အသွေးကောင်းဖို့လိုအပ်တာပါ။ သန့်ရှင်းဖို့လဲလိုပါတယ်။ လက်ရှိကွမ်းသီးအစိမ်းအလုံး ၁၀၀ ကိုငွေကျပ် ၈၅၀၀ ထိ ပေါက်ဈေးရှိနေပါတယ်။ ရန်ကုန်ဈေးကွက်ကို ကွမ်းသီးအစိမ်းတွေ အများအပြားတင်ပို့နေရတော့ ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေ လုပ်ငန်းအဆင်ပြေနေပါတယ်” ဟု ဘိုကလေးမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ‌ဒေါ်ရီမော်က ပြောပြသည်။

ဘိုကလေးမြို့နယ်ကထွက်ရှိသည့် ကွမ်းသီးအစိမ်းများကို ကုန်သည်များမှ ကွမ်းသီးခြံများအ‌ရောက်သွားရောက်ဝယ်ယူပြီး စနစ်ကျရွေးချယ်ထုတ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်ဈေးကွက်မှတစ်ဆင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News