မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ရုံးပတီသီးကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။ ရုံးပတီသီးမျိုးအနေဖြင့် ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးစသည့်ဖြင့် ရှိပြီး ပင်မြင့်မျိုး (Finger One) ရုံးပတီမျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုး စေ့ ၁၂ ထုပ်စိုက်ပျိုးရပြီး စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ငွေကျပ် ၇၀၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံကို စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် စတင်ခူးဆွတ်ရ၍ တစ်ရက်ခြားတစ်ကြိမ်နှုန်းဖြင့် သက်တမ်းနှစ်လထိ ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ရုံးပတီသီး ပိဿာချိန် ၁၅၀၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၂၀၀-၂၃၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ဧကလျှင် ငွေကျပ် ၂၆ သိန်းခန့် အမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း၊ ရုံးပတီပင်သည် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ဈေးကောင်းရရှိသည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ် ပိုမိုရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ