Local News

ရွှေလီ ပထမသုံးလပတ် ကုန်သွယ်မှုတန်ဖိုး ၆၇.၁ ရာခိုင်နှုန်းမြင့်တက်လာ

Last Updated:

          ယူနန်ပြည်နယ်ရွှေလီမြို့  ဝမ်တိန်ဂိတ်  မန်မန်းလမ်းကြောင်းရှိ ဂိတ်အဝင်နှင့်အထွက် နှစ်ဖက်တွင်  ဆယ်ဂဏန်းရှိသော ကုန်တင်ကားတန်းကြီးသည် လယ်ယာထွက်ကုန်နှင့်  စက်ကိရိယာအပိုပစ္စည်း  အပြည့် တင်ဆောင်ထားကာ နယ်ခြားဖြတ်ကျော်ရန်အတွက် အကောက်ခွန်ရှင်းလင်းရေး ဆောင်ရွက်ရန် တန်းစီစောင့်ဆိုင်းလျက်ရှိသည်။ "ကျွန်တော်တို့ ကုမ္ပဏီက သွင်းကုန်လယ်ယာထွက်ကုန်နဲ့  မော်တော်ဆိုင်ကယ် ပို့ကုန်လုပ်ငန်းပါ၊   ကုန်သွယ်နှုန်းက နေ့တိုင်းမှာ  ကားအစီးရေ ၅၀ ကျော်လောက်ရှိပြီး ကုန်သွယ်မှုပမာဏက ယွမ် သိန်း ၈၀ ဝန်းကျင်မှာရှိပါတယ်" ဟု  ယူနန် လွတ်လပ်သော  ကုန်သွယ်မှုစမ်းသပ်ဇုန်မှ ခိန်ဖား စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်ဒါရိုက်တာJiang Jianwei က  ပြောကြားသည်။ တကယ်လို့  အကောက်ခွန်ရှင်းလင်းရေးနဲ့  မူဝါဒစတဲ့အခက်အခဲနဲ့ကြုံတွေ့ခဲ့ရင် ကျွန်တော်တို့အတွက် သီးသန့်နယ်စပ်စစ်ဆေးရေး လမ်းညွှန်ကို အကူအညီတောင်းနိုင်ပါတယ်" ဟု သူက ဆိုသည်။
        "အခုတလော ဂိတ်မှာ နေ့တိုင်းဝင်ထွက်နေတဲ့ ကုန်တင်ကားအစီးရေ ၄၀ဝ ကနေ  ၅၀ဝ အထိရှိပါတယ်၊ ကိုဗစ်ရောဂါကာလအတွင်းရဲ့နေ့စဉ်ဝင်ထွက်မှု ၂၀ဝ ကျော်နဲ့ နှိုင်းယှဉ်ရင် အတော်လေးတိုးတက်လာပါတယ်၊ ဂိတ်စခန်းရဲ့ စစ်ဆေးလွှတ်ခွင့် အလုပ်ဝန်ထုပ်ကလည်း များလာပါတယ်။ စစ်ဆေးလွှတ်ခွင့်အလုပ် ထိထိရောက်ရောက်ပြီးစီးမှုကို   မြှင့်တင်ပြီး  တင်သွင်းတင်ပို့ကုန်ပစ္စည်းတွေကို ဈေးကွက်ထဲ အမြန်ဆုံးရောက်နိုင်ဖို့ လုပ်ငန်းကုမ္ပဏီ တချို့က တောင်းဆိုလာပါတယ်" ဟု ဟွင်ပန်ဂိတ်ခွဲမှ တာဝန်ခံအဖွဲ့ခွဲ ၁ ညွှန်မှူး Cao Neng က ပြောကြားသည်။ သူသည် ဝမ်တိန်နယ်စပ်စစ်ဆေးရေးဂိတ်  ဟွင်ပန်ဂိတ်ခွဲမှ ကုန်သွယ်ရေးကုမ္ပဏီအား  ဝန်ဆောင်မှုပေးနေသည့်  နယ်စပ်စစ်ဆေးရေး လမ်းညွှန်သူအနက်မှ တစ်ဦးဖြစ်သည်။ 
      ပြည်ဝင်စစ်ဆေးရေး ကင်းတဲ၌  သတင်းထောက်က ဖုန်းမှ ကြာချိန်မှတ်စက်ဖြင့် ဆန်းစစ်ကြည့်ရာ  ယာဉ်မောင်းက စစ်ဆေးသူအား  ဆိုင်ရာသက်သေလက်မှတ်ကို ထုတ်ပေးပြီး စက်စနစ်သို့ ထည့်သွင်းစစ်ဆေး သည်။ မှားယွင်းမှု မရှိလျှင် ၁၅ စက္ကန့်မှ စက္ကန့် ၃၀ အတွင်း ဖြတ်သန်းရေးဆိုင်ရာလုပ်ငန်းစဉ် ပြီးစီးနိုင်ပြီဖြစ်ကြောင်း သိရသည်။ ရွှေလီ  ဝမ်တိန်ဂိတ်နှစ်ခု ပိုင်ဆိုင်သော  ရွှေလီမြို့ရှိ လျင်မြန်လွယ်ကူသော ကုန်စည်ပို့ဆောင်ရေး အကောက်ခွန် လမ်းကြောင်းသည် ၎င်း၏ဖွံ့ဖြိုးတိုးတက်သည့် ကုန်သွယ်ရေးနှင့်  နယ်နမိတ်ဖြတ်ကျော်  အီး-ကောမတ်စ် အားသာချက်တစ်ခု ဖြစ်သည်။
       မွန်းလွဲ ၃ နာရီခန့်တွင် သစ်သီး၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်များ အပြည့်တင်ဆောင်ထားသော ကုန်ကားဆယ်စီးကျော်သည် ဂိတ်စခန်းသို့ရောက်ရှိပြီး ပြည်ဝင်ရန်စောင့်ဆိုင်းနေစဉ် ဂိတ်တာဝန် ထမ်းဆောင်သည့်အဖွဲ့ဝင်များက Doscopic  ကင်မရာဖြင့်  ကုန်ကားပေါ်ရှိကုန်ပစ္စည်းများကို စစ်ဆေးကြသည်။ ၎င်းကင်မရာမျိုးသည် ၅ မီတာရှည်သော ပို့လွှတ်ကြိုးဖြင့် ကုန်ကားအတွင်းနက်သည့်နေရာထိ ဝင်ရောက်စစ်ဆေးကြည့်ရှုနိုင်သောကြောင့် အလုပ်သက်ရောက်မှု မြင့်မားရုံသာမက စစ်ဆေးမှုလည်း ပိုကျယ်ပြန့်သည်။ 
           "ကြာကြာ ထားသိုဖို့ မလွယ်ကူတဲ့ လတ်ဆတ်ကုန်စည်တွေကို ကျွန်တော်တို့က ရောက်တာနဲ့ စစ်ဆေးတာပဲ။ အဲဒီလိုကုန်မျိုးတွေကို တစ်ရက်အတွင်း ပြီးအောင် စစ်ဆေးပြီး လွှတ်ပေးနိုင်ဖို့ ည ၈ နာရီ ၉ နာရီထိ အိုဗာတိုင်း ဆင်းရတာကလည်း ပုံမှန်လိုဖြစ်နေပြီ" ဟု ဟွန်ပန်ဂိတ်ခွဲမှ တာဝန်ထမ်းအဖွဲ့ ၃ မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ဂိတ်စခန်းနှစ်ခုလုံး ပြန်လည်ဖွင့်လှစ်လာတာ ကတည်းက ရွှေလီမြို့သည်  ယခင်ကကဲ့သို့ အလုပ်များသောမြင်ကွင်း ပြန်တွေ့ကြရပါသည်။ ယခုနှစ်ပထမသုံးလပတ် ရွှေလီမြို့၏ ကုန်သွယ်မှုပမာဏ (ရေနံနှင့်ဓာတ်ငွေ့တို့ အပါအဝင်) တန်ချိန်စုစုပေါင်း ၃,၆၅၂,၁၀ဝ တန်ရှိသည့်အနက် တင်သွင်းကုန် ၃,၄၈၅,၆၀ဝ တန်၊  တင်ပို့ကုန်  ၁၆၆,၅၀ဝ တန်ရှိခဲ့ပါသည်။ 
          ကုန်သွယ်မှုတန်ဖိုး(ရေနံနှင့်ဓာတ်ငွေ့တို့ အပါအဝင်) စုစုပေါင်း ယွမ် ၁၇.၃၃၂ ဘီလီယံရှိခဲ့ပြီး ယမန်နှစ် ကာလတူထက် ၆၇.၁% ပိုများပါသည်။ တင်သွင်းကုန်တန်ဖိုး ယွမ် ၁၄.၁၄ ဘီလီယံနှင့် တင်ပို့ကုန်တန်ဖိုး ၃.၁၉၂ ဘီလီယံ ယွမ်ရှိသည်။ အကောက်ခွန်ရှင်းလင်းသည့် ကုန်ကားအစီးရေပေါင်း ၈၉,၆၀ဝ ရှိပြီး  ယမန်နှစ် ကာလတူထက် ၉၈၂.၈၄% မြင့်တက်လာကြောင်း စာရင်းအင်းအရ သိရသည်။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ရွှေလီမြို့မှာ ဈေးကွက်ယုံကြည်မှုနှင့် စီးပွားရေးပြန်လည်ကောင်းမွန်လာမှုကိုမြှင့်တင်ရန် မူဝါဒဆိုင်ရာဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသော အသိပေးကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ အလုပ်အကိုင်နှင့် စွန့်ဦးတီထွင် မှ၊ အခွန်အခသက်ညှာမှုနှင့် နိုင်ငံခြားကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများဆိုင်ရာ လုပ်ဆောင်ချက်မူဝါဒ ၂၄ ချက်ကို ထုတ်ပြန်ခဲ့သည်။ 
          ယူနန် Hengtou ထောက်ပံ့ကွင်းဆက် စီမံခန့်ခွဲရေးကုမ္ပဏီ ဒါရိုက်တာ Yang Hongyao က "မူဝါဒ၂၄ ချက်ကို ဆောင်ရွက်တဲ့အခါမှာ အခွန်အခသက်ညှာမှုက အရမ်းအားကောင်းပါတယ်၊ ဒါပေမဲ့ကျွန်တော်တို့လို ရွှေလီမှာ နယ်နိမိတ်ဖြတ်ကျော်  အီး-ကောမတ်စ် လုပ်နေကြတဲ့   လုပ်ငန်းရှင်တွေအတွက်ကတော့ မူဝါဒက သိပ်မညက်ညောသေးဘူး၊  မူဝါဒသက်ညှာမှုကို  လက်လွှတ်သွားမှာကို  စိုးရိမ်သလို  မူဝါဒကိုအသုံးပြုတဲ့ အခါမှာ  မှားယွင်းမှု ရှိမှာကိုလည်း စိုးရိမ်မိတယ်" ဟုပြောကြားသည်။ "လုပ်ငန်းကုမ္ပဏီတွေအနေနဲ့ အခွန်အခသက်ညှာမှုကို အတတ်နိုင်ဆုံးခံစားရဖို့ အာမခံပေးနိုင်ဖို့အတွက် ကျွန်တော်တို့က လတိုင်းမှာ  ကုမ္ပဏီတွေဆီ သွားရောက်ပြီး တစ်ဦးချင်း ဝန်ဆောင်မှု ပေးပါတယ်" ဟု  ရွှေလီမြို့ အခွန်ရုံးဝန်ထမ်းShao Junrong က ပြောကြားသည်။
          "နယ်နိမိတ်ဖြတ်ကျော် အီး-ကောမတ်စ် လုပ်ငန်းရှင်တွေရဲ့ အခွန်လျှောက်ထားမှုနဲ့ ပတ်သက်ပြီး  လုပ်ငန်းရှင်တွေကို  နယ်နိမိတ်ဖြတ်ကျော် အီး-ကောမတ်စ် လက်လီတင်ပို့မှု BAT ၊ သုံးစွဲမှုအခွန်ကင်းလွတ် ခွင့်မူဝါဒနဲ့ ဝင်ငွေအခွန် အကဲဖြတ်မှုမူဝါဒတို့ကို ကောင်းမွန်စွာအသုံးပြုနိုင်ဖို့နဲ့ လုပ်ငန်းရှင်တွေကို မူဝါဒအကြောင်းနားလည်ပြီး လျှောက်တင်တတ်ဖို့ လမ်းညွှန်ပေးပါတယ်"ဟု သူက ရှင်းပြသည်။ အခွန်ရုံးဝန်ထမ်း၏ လမ်းညွှန်မှုအောက်တွင် Whungtou ကုမ္ပဏီသည်  နယ်နိမိတ်ဖြတ်ကျော် အီး-ကောမတ်စ် လက်လီတင်ပို့မှု (ချလံမဲ့ အခွန်ကင်းလွတ်) စသည့်အခွန်ဆိုင်ရာမူဝါဒဖြင့် တင်ပို့ကုန်ကျစရိတ် ယွမ် လေးသောင်းကျော်ကို လတိုင်း သက်သာစေခဲ့သည်။ 
          မတ်လ ၃ ရက်နေ့တွင် ရွှေလီမြို့၏ ပထမသုံးလပတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို စုစည်းကာ လက်မှတ်ရေးထိုးခဲ့ပြီး ရင်းနှီးမြှုပ်နှံငွေ  စုစုပေါင်း ယွမ် သန်း ၆၀ဝ ရှိပြီး ရွှေလီမြို့  အများပြည်သူအခွန်ငြိမ်း ကုန်သိုလှောင်ရုံ ဆောက်လုပ်ရေးစီမံကိန်း၊ ရွှေလီမြို့ တင်သွင်းသောလယ်ယာထုတ်ကုန်ပစ္စည်း အချောကိုင်စက်ရုံ  စသည့်စီမံကိန်းများ ပါဝင်ပါသည်။ ဂိတ်စခန်း၌  ကုန်ပစ္စည်းရောင်းဝယ်မှု၊  သိုလှောင်မှုနှင့် အချောကိုင် လုပ်ငန်း ကွင်းဆက်များကို တိုးချဲ့ကာ ကုန်ပစ္စည်းစီးဆင်းမှု  လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိုထပ်မံမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။
       "နောက်တစ်ဆင့်မှာ အသေးစားအလတ်စားလုပ်ငန်းရှင်တွေနဲ့ တစ်ဦးချင်းလုပ်ငန်းရှင်တွေ ဖွံ့ဖြိုးတိုးတက်စေဖို့  ထပ်မံတိုးမြှင့်ထောက်ပံ့အားပေးသွားပြီး ဂိတ်စခန်း ကုန်သွယ်မှုနဲ့လုပ်ငန်းတွေ ဟန်ချက်ညီစွာ ပူးပေါင်းနိုင်ဖို့ တွန်းအားပေးဆောင်ရွက်သွားပါမယ်၊ ပြည်တွင်းပြည်ပအရင်းအမြစ် အားသာချက်တွေကို   အမှီပြုပြီး   စက်မှုလုပ်ငန်းတွေကို ကြီးထွားလာနိုင်စေဖို့ စက်မှုနဲ့ကုန်သွယ်ရေးတို့ကို ပေါင်းစပ်တဲ့  ဖွံ့ဖြိုးတိုးတက် ရာလမ်းကြောင်းကို  လျှောက်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်"ဟု  ရွှေလီမြို့  မြို့တော်ဝန် Shang Labian က ပြောသည်။  

Source: https://www.industrialdirectory.com.mm/article/china-border-trade-ruili.html

Category: Local News