Local News

ဆိပ်ဖြူမြို့နယ်၌ ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးသည့် ချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ ဈေးကောင်းရရှိ

Last Updated:

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်အတွင်း ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးသည့် ချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး  ဝါတစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ဖြင့် ဈေးကောင်းရလျက်ရှိကြောင်း ဒေသခံတောင်သူများ၏ ပြောပြချက်အရ သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ  ဒေသခံတောင်သူများသည်  ဝါဈေးကောင်းရရှိသည့်အတွက် ယခုနှစ်များတွင် ချည် မျှင်ရှည်ဝါကို တိုးချဲ့စိုက်ပျိုးလာခြင်းဖြစ်သည်။  ယခုနှစ်မိုးရာသီတွင် ဝါဧက ၂၂၅၀  စိုက်ပျိုးခဲ့ကြရာ ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး လက်ရှိဝါတစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ ဖြင့် ရောင်းချရကြောင်း၊ ဝါစိုက်တောင်သူများက ရွှေတောင် (၈)၊ (၁၀)၊ ငွေချည် (၉)၊ ဝါကြီးမျိုးများကို တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

ဒေသခံတောင်သူများအနေဖြင့် ဝါစိုက်ပျိုးထုတ် လုပ်ရာတွင် ယခင်စိုက်ပျိုးခဲ့ကြသည့် ဝါမျိုးများထက် ယခုစိုက်ပျိုးသည့် ဝါမျိုးများသည် အထွက်နှုန်းမြင့်မားခြင်း၊ ဝါပေါက်သန့်ပြီး   အစက်အပြောက်ပါဝင်မှုနည်းပါးကာ ဈေးကောင်းရရှိခြင်း၊ ဝါစိုက်ပျိုးထုတ်လုပ်ခြင်းမှ  မိသားစုဝင်ငွေ တိုးပွားလာသည့်အတွက် ပိုမိုတိုးချဲ့ စိုက်ပျိုးကြခြင်းဖြစ်သည်။

ဝါစိုက်ပျိုးရာတွင် မျိုးစေ့၊ သွင်းအားစုမြေသြဇာနှင့် လုပ်သားစရိတ်အပါအဝင် တစ်ဧကလျှင် ငွေကျပ် သုံးသိန်းခန့်  ကုန်ကျကြောင်း၊ ဝါကို မိုးရာသီတွင် စိုက်ပျိုးကြကာ အပင်သက်တမ်းမှာ  ငါးလခန့်ရှိပြီး စိုက်ပျိုးပြီးရက်ပေါင်း ၁၀၀ ခန့်၌ ဝါပေါက်များ စတင်ကောက်ယူရကြောင်း၊ ယခုနှစ်တွင် ဝါတစ်ဧကလျှင် ပိဿာချိန်  ၇၀၀  မှ  ၈၀၀  ခန့်အထိ  ထွက်ရှိနိုင်ရန် မျှော်မှန်းထားပြီး ဝါလှိုင်လှိုင်ပေါ်ချိန်တွင် ဈေးအနည်းငယ်ကျဆင်းနိုင်သော်လည်း အရှုံးမရှိနိုင်ကြောင်း၊ ထွက်ရှိသောဝါများကို ချောက်၊ စလေမြို့များသို့ တင်ပို့ရောင်းချမှုများရှိသကဲ့သို့ ဒေသပေါက်ဈေးဖြင့် ကျေးရွာအရောက် လာရောက်ဝယ်ယူသူများရှိသည့်အတွက် ဝါစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။                              

Source: https://www.myawady.net.mm

Category: Local News