စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး ပဲ၊ ပြောင်း၊ နှမ်း စသည့် သီးနှံများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ရုံးပတီသီးနှံကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရသည်။ ရုံးပတီသီးနှံကို စတင်စိုက်ပျိုးပြီး နှစ်လခန့်အကြာတွင် စတင်ခူးဆွတ်ရကြောင်း၊ ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများဟူ၍ ရှိပြီး ပင်မြင့်ရုံးပတီမျိုးများကို အများဆုံး စိုက်ပျိုးလျက်ရှိရာ တစ်ဧကလျှင် မျိုးစေ့ ၁၂ ထုပ်ခန့် ကုန်ကျကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံကို တစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ရပြီး သက်တမ်းအနေဖြင့် နှစ်လခန့်အထိ ခူးဆွတ်ရကြောင်း၊ မြေအမျိုးအစား၊ အသီးနှံအောင်မြင်ဖြစ်ထွန်းမှုနှင့် သွင်းအားစု သုံးစွဲမှုအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားမှုရှိကြောင်း ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း၊ ရုံးပတီသီးနှံသည် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ဈေးကောင်းရရှိသည့်အတွက် တောင်သူများအနေဖြင့် အမြတ်ပိုမိုရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရှိရသည်။
Source: မြန်မာ့အလင်းသတင်းစာ