ရုရှားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် ခရီးသွားဝင်ရောက်မှုသည် ၂၀၂၄ ခုနှစ်တွင် ခရီးစဉ်ပေါင်း ၁ သန်းအထိ ရောက်ရှိခဲ့ပြီး ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား တို့က အမြင့်ဆုံးကိန်းဂဏန်းများကို ပြသခဲ့ကြောင်း ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အရှေ့တောင်အာရှနိုင်ငံများသည် ရုရှားခရီးသွားများအတွက် လူကြိုက်အများဆုံး ခရီးစဉ် များထဲတွင် ရှိနေပြီး ၂၀၂၄ ခုနှစ်တွင် အပြန်အလှန်ခရီးသွားဝင်ရောက်မှုသည် ခရီးစဉ်ပေါင်း ၁ သန်း အထိ ရောက်ရှိခဲ့ကြောင်း၊ ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့သည် အစဉ်အလာအရ အမြင့်ဆုံး ကိန်းဂဏန်းများ ရရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းအချက်အလက်များကို ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး Mr. Vladimir Ilyichev က မလေးရှားနိုင်ငံ၊ Johor မြို့တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ရုရှား-အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးတွင် တက်ရောက်လာသူများကို ပြော ကြားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတက်ရောက်သူများသည် ရုရှားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ခရီး သွားလုပ်ငန်းကဏ္ဍတွင် ဆက်ဆံရေးတိုးချဲ့ရေးဆိုင်ရာ တိုးတက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံသားခရီးသွား ၁.၇၂၆ သန်းသည် ထိုင်းနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် မှတ်တမ်းတင်ထားသော အမြင့်ဆုံးအရေအတွက်ထက် ကျော်လွန် သွားကြောင်း၊ ရုရှားနိုင်ငံသားခရီးသွား ၂၃၂,၃၀၀ သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ ပြီး ယခင်နှစ်(၁၂၅,၆၁၀)နှင့် နှိုင်းယှဉ်ပါက ၈၄.၉ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း၊ ရုရှားနိုင်ငံသား ခရီး သွား ၁၆၁,၀၀၀ သည် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂ ဆ တိုးတက်ခဲ့ကြောင်း သိရသည်။
(စီးပွားရေးသံမှူး၊ မော်စကိုမြို့)