ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလအတွင်း ကွမ်းသီးနု ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ကြောင်း ဓနုဖြူမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြ၍ သိရသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ကွမ်းသီးနုများအပါအဝင် လယ်ယာထွက်ကုန်များနှင့် ခြံထွက်သီးနှံများကို တင်ပို့ ရောင်းချလျက်ရှိပြီး ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကွမ်းသီးနုပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ ပြီး နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ တစ်လအတွင်း ကွမ်းသီးနုပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကွမ်းသီးနုများကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေခြင်းသည် ကွမ်းသီးနုများကို ပြည်ပဈေးကွက်မှ ဝယ်လို အားကောင်းလာခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ “ပြည်ပဈေးကွက်က ကွမ်းသီးနုတွေ အမှာကုန်များလာလို့ ရန်ကုန်ဈေးကွက်ကို တင်ပို့ကုန်အများအပြား တင်ပို့ကုန်အများအပြား တင်ပို့နေရတာဖြစ်ပါတယ်။ တင်ပို့နေရတဲ့ ကွမ်းသီးနုကတော့ အရည်အသွေးကောင်းဖို့လိုအပ်ပါတယ်။ သန့်ရှင်းဖို့လဲ လိုပါတယ်။ လက်ရှိ ကွမ်းသီးနု ၁၀ ပိဿာလျှင် ငွေကျပ် ၁၀၅၀၀၀ ထိ ဈေးပေါက်နေပါတယ်။ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ဓနုဖြူမြို့နယ်ကနေ ထွက်ရှိတဲ့ ကွမ်းသီးနုတွေကို ပြည်တွင်းဈေးကွက်အပြင် တရုတ်နိုင်ငံဘက်ကပါ ဝယ်ယူမှုတွေရှိပါ တယ်” ဟု ဓနုဖြူမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ဆက်လက်ပြောပြ၍ သိရသည်။
Source: ရတနာပုံ သတင်းစာ