Local News

ခရမ်းသီးစိုက်ပျိုးထွက်ရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်သည် မြေခံ၊ ရေခံကောင်း၍ မိုးရေ၊ မြစ်ရေ၊ မြေအောက်ရေတို့ဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် မြို့တစ်မြို့ဖြစ်ပြီး ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ခရမ်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း စိုက်ပျိုးတောင်သူများထံက သိရှိရသည်။
ဓနုဖြူမြို့နယ်ဒေသခံများသည် ကိုင်းမြေ၊ အိမ်ရှိမြေကွက်လပ်များနှင့် ဥယျာဉ်ခြံများတွင် သခွား၊ ငရုတ်၊ ဘူးသီး၊ ခဝဲ၊ ရုံးပတီ၊  ပဲသီး၊  ခရမ်း၊ မုန်လာဥ၊ ဆလပ်၊ ပန်းဂေါ်ဖီနှင့် အခြားဟင်းသီးဟင်းရွက်မျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြရာ ခရမ်းမျိုးများအား ပျိုးထောင်ကျဲပတ်ပြီး အပင်ပေါက်များအား ကျင်းတူး၍ ပြန်လည်ခွဲထုတ်စိုက်ပျိုးကြပြီး ပိုးမွှားကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝမြေဩဇာများ ကျွေးခြင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခြင်းဖြင့် ပြုစုစိုက်ပျိုးပြီး ရက်ပေါင်း ၆၀ အကြာတွင် စတင်ခူးဆွတ်နိုင်ကြောင်း၊ (၂) ရက်ခြား (၃) ရက်တစ်ကြိမ် ခူးဆွတ်ရောင်းချကြောင်း သိရသည်။ စိုက်ပျိုးမှု ကုန်ကျစရတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၀သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကအတွင်း ထွက်ရှိမှု  ခရမ်းသီး ပိဿာချိန် ၆၅၀ အထိ ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ၁၁၇၀၀၀၀ ကျပ် ရရှိ၍ အမြတ် ၁၇၀၀၀၀ ကျပ် ကျန်ရှိကြောင်း  စိုက်ပျိုးသူထံမှသိရသည်။
ခရမ်းသီး ဈေးကွက်အနေဖြင့် တစ်ပိဿာလျှင်  (၂၀၀၀) ကျပ်ခန့်၊ လက်ကားဈေးအနေဖြင့် တစ်ပိဿာလျှင် (၁၈၀၀) ကျပ်ဖြင့် ရောင်းချကြောင်း ထွက်ရှိသည့်အသီးများကို ရန်ကုန်မြို့နှင့် နီးစပ်ရာ မြို့နယ်များသို့  ဖောက် သည်သွင်းရောင်းချကြောင်း သိရှိရသည်။
ဓနုဖြူမြို့နယ်အတွင်းရှိ ပြည်သူများသည် ကိုင်းယာနှင့် ဥယျာဉ်ခြံများကို စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင် ရာသီအလိုက် ထွက်ရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရှိရသည်။
Source: https://www.doca.gov.mm

Category: Local News