ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ကွမ်းသီးခြောက်ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မြတ်မော်က ပြောပြ၍ သိရသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကွမ်းသီးခြောက် ပိဿာချိန် ၆၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ ကွမ်းသီးခြောက်ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “အရောင်းအဝယ် ဖြစ်နေတဲ့ ကွမ်းသီးခြောက်တွေက နွေရာသီမှာ လုပ်ပြီးသိုလှောင်ထားတဲ့ ကွမ်းသီးခြောက်တွေပါ။ ဇန်နဝါရီလအတွင်းက ကွမ်းသီးခြောက်ပိဿာချိန် ၈၀၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ညောင်တုန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချတဲ့ ကွမ်းသီးခြောက်တွေက အရည်အသွေးကောင်းပါတယ်။ လက်ရှိလဲ ဒေသက ကွမ်းသီးခြောက်တွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ဒီနှစ်ကွမ်းသီးခြောက်က ပြည်တွင်းမှာကို ဝယ်ယူမှုများနေပါတယ်။ ရန်ကုန်ဘက်ကလဲ ကုန်အမှာတွေရှိနေပါတယ်” ဟု သိရသည်။ ညောင်တုန်းမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်း ရှင်များသည် ဒေသထွက်ကွမ်းသီးများကို လိုက်လံဝယ်ယူပြီး အလုံးအတိုင်းနှင့် ခွဲစိတ်ပြီး ပုံစံနှစ်မျိုးပြုလုပ်၍ စနစ်တကျထုပ်ပိုးပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါကွမ်းသီးခြောက်များ ရောင်းအားကောင်းလာသည့်အတွက် ကွမ်းသီးခြောက်သိုလှောင်သူများ၊ ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် ကုန်သည်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကွမ်းသီးညှပ်လုပ်သားများ အဆင်ပြေလာကြောင်း သိရှိရသည်။
Source: ရတနာပုံသတင်းစာ