Local News

ဧရာဝတီတိုင်း‌ဒေသကြီး ဓနုဖြူမြို့နယ်တွင် ကန်စွန်းဥများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်း‌ဒေသကြီး ဓနုဖြူမြို့နယ်တွင် ဒေသထွက်ကန်စွန်းဥများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဓနုဖြူမြို့နယ် လယ်ယာထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြ၍ သိရသည်။ ဓနုဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး ယနေ့ထိ ဒေသထွက် ကန်စွန်းဥများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ ကန်စွန်းဥ တစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။ “လက်ရှိ တောင်သူတွေစိုက်ထားတဲ့ကန်စွန်းဥတွေ စတင်ပေါ်နေတဲ့အချိန်ဖြစ်ပါတယ်။ ပွဲရုံကိုလဲ အဆက်မပြတ်ဝင်ရောက်နေပါတယ်။ အခုလို ကန်စွန်းဥ ပေါ်နေတဲ့အချိန် အရောင်းအဝယ်ကောင်းမွန်နေတော့ တောင်သူတွေအတွက် အဆင်ပြေလာကြပါတယ်” ဟု သိရသည်။ ဓနုဖြူမြို့နယ်တွင် တောင်သူများသည် စပါးစိုက်ပျိုး ရေးလုပ်ငန်းနှင့် ကန်စွန်းဥအပါအဝင် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိကြောင်း၊ ဒေသထွက် ကန်စွန်းဥကို တောင်သူ တစ်ဦးလျှင် ကန်စွန်းဥတစ်ဧကမှ ငါးဧကထိ စိုက်ပျိုးကြပြီး ကန်စွန်းဥ တစ်ဧကစိုက်ပျိုးပါက ငွေကျပ် ၃၅၀၀၀၀ ထိ ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် အပျက်အစီးအလေအလွင့်မရှိပါက တစ်ဧကလျှင် ငွေကျပ် ၉၀၀၀၀၀ ကျော်ထိ ရရှိကြောင်းသိရှိရသည်။

Category: Local News