Local News

ပြည်တွင်းသကြားထုတ်လုပ်မှု ပုံမှန်ရှိသော်လည်း ပြည်တွင်းသကြားစားသုံးမှု လျော့ကျနေ

Last Updated:

ပြည်တွင်း သကြားစက်များ ၏ ပုံမှန်ထုတ်လုပ်မှုရှိသော်လည်း  ပြည်တွင်းသကြားထုတ်လုပ်မှုမှာ လျော့ကျနေသောကြောင့် သကြား ဈေးမှာလည်း အနည်းငယ် ကျဆင်းနေကြောင်း သိရသည်။ သကြားစက်များ လည်ပတ် နေသည်မှာ နှစ်လနီးပါးရှိလာပြီး ပုံမှန်ထုတ်လုပ်နိုင်သောကြောင့် ယခုနှစ်တွင် တန်ချိန် ၅ သိန်းခန့် ထွက်ရှိလာနိုင်ကြောင်း ခန့်မှန်း ထားပြီး နှစ်စဉ် ပြည်တွင်းသကြား စားသုံးသူမှာ တန်ချိန် ၃ သိန်း ကျော်ခန့် ရှိရာ ပြည်တွင်း၌ ပိုလျှံ သကြားများ တန်ချိန် ၂ သိန်းခန့် ရှိနိုင်ကြောင်း သကြားကုန်သည် များက သုံးသပ်ထားသည်။ “ သကြားစက်တွေ လည်နေ တာ နှစ်လနီးပါးရှိနေပါပြီ။ စက်ရုံ နယ်မြေအလိုက် ကြံအားလုံး ကြိတ်ဝါးနိုင်အောင် လည်ပတ် သွားမှာပါ။ နှစ်စဉ် ပုံမှန်သကြား ထွက်နှုန်းက တန်ချိန် ၅ သိန်း ခန့် ရှိပါတယ်။ ပြည်တွင်း စားသုံးမှုက တန်ချိန် ၃ သိန်း ကျော် ရှိပါတယ်။ ပိုလျှံသကြား တွေကို နိုင်ငံခြားတင်ပို့လေ့ရှိပေ မယ့် လက်ရှိမှာ ပြည်တွင်းသကြား ဈေးထက် နိုင်ငံတကာသကြား ဈေးက ကျဆင်းနေတော့ တင်ပို့ နိုင်ခြင်း မရှိသေးပါဘူး။ ဒီတော့ ပြည်တွင်းမှာ သကြားပိုလျှံမှုများ ပြီး ဈေးအနည်းငယ် ကျဆင်းနေ တာပါ။ လက်ရှိ သကြားပေါက် ဈေးက တစ်ပိဿာကို ငွေကျပ် ၅၀၀၀ ခန့် ရှိပါတယ်။ ဒီဈေး ထက်တော့ ဆက်လက်ကျဆင်း စရာ မရှိပါဘူး´´ ဟု သကြား လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ၂၀၂၅ ခုနှစ် ကြံရာသီတွင် သကြားစက်များ ဇန်နဝါရီလဆန်း ပိုင်းက စတင်လည်ပတ်ထုတ်လုပ် နေပြီး ပြည်တွင်းသကြားဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၄၈၀၀- ၅၁၀၀ ပေါက်ဈေးရှိနေရာမှ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ၄၇၀၀- ၅၀၀၀ ပေါက်ဈေးဖြစ်လာပြီး တစ်ပိဿာလျှင် ငွေကျပ် ၁၀၀ ခန့် ဈေးကျဆင်းသွားသည်။ ပြည်တွင်း သကြားသုံးစွဲမှု မှာလည်း လျော့ကျနေပြီး ပြည်ပ တင်ပို့နိုင်မှုလည်း မရှိသေးချိန် ဖြစ်သည်။ လက်ရှိ နိုင်ငံခြား တင်ပို့နိုင်ခြင်း မရှိခြင်းမှာ ပြည်ပ သကြား ဈေးကျဆင်းနေခြင်း ကြောင့် ဖြစ်သည်။ ယခင်နှစ်ကလည်း သကြား တန်ချိန် ၅၀၀၀၀-၆၀၀၀၀ ခန့် သာ တင်ပို့နိုင်ခဲ့ပြီး နိုင်ငံတကာ သကြားပေါက်ဈေးမှာ တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၅၄၀ ခန့်သာ ပေါက်ဈေးရှိနေပြီး ပြည် တွင်း သကြားပေါက်ဈေးထက် လျော့ကျနေခြင်းဖြစ်ကြောင်း သိရသည်။

Source: magway media Journal

Category: Local News