ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် မတ်လအတွင်းက ခုံးစိမ်းပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမြင့်က ပြောပြသည်။ ဖျာပုံမြို့နယ်တွင် သဘာဝအတိုင်းဖမ်းယူရရှိသည့် ခုံးစိမ်းများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်ဖေဖော်ဝါရီလ တစ်လအတွင်း ခုံးစိမ်းပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ခုံးစိမ်းပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ခုံးစိမ်းများကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားနေကြောင်း သိရသည်။ “ဖျာပုံမြို့နယ်မှ ထွက်ရှိတဲ့ ခုံးစိမ်းတွေ အဝယ်လိုက်နေပါတယ်။ ပြီးခဲ့တဲ့တစ်လအတွင်း ခုံးစိမ်းတွေ အရောင်းအဝယ်ကောင်းခဲ့ပါတယ်။ အရင်လတွေကထက် ပိဿာချိန်အများအပြား ပိုမိုတင်ပို့ ရောင်းချခဲ့ရပါတယ်။ ဒေသထွက် ခုံးစိမ်းတွေကို ဖျာပုံမြို့နယ်ကနေတစ်ဆင့် ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချတာဖြစ်ပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မိုးမြင့်က ပြောပြသည်။ ဖျာပုံမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ငါးအမျိုးမျိုး၊ ပုစွန်အမျိုးမျိုး၊ ကဏန်းများအပြင် ပင်လယ်စာခုံးများကိုဝယ်ယူကာ စနစ်တကျသန့်စင်ထုတ်ပိုးပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ