Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းက ၂၄ ပြည်ဝင် ဆန်ကွဲအိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် မေလအတွင်းက ၂၄ ပြည်ဝင် ဆန်ကွဲအိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဘိုကလေးမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းက ၂၄ ပြည်ဝင်ဆန်ကွဲအိတ်ရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ ၁ ရက်နေ့မှ ၃၁ ရက်‌နေ့ထိ ၂၄ ပြည်ဝင် ဆန်ကွဲအိတ်ရေ ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသထွက်ဆန်ကွဲများကို ရန်ကုန်ဈေးကွက်မှ ဝယ်ယူမှုကောင်းလျက်ရှိကြောင်း သိရသည်။

“ဘိုကလေးမြို့နယ်ကနေ ဆန်ကွဲတွေရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချပါတယ်။ ဘိုကလေးမြို့နယ်က ဆန်ကွဲအိတ်တွေကို ကုန်တင်ကားတွေနဲ့ တင်ပို့ရောင်းချတာများပါတယ်။ ဆန်ကွဲတွေကို မေလ ပထမပတ်ကနေ စတင်ပြီးဝယ်လာအားက သိသိသာသာ တက်ခဲ့တာဖြစ်တယ်။ ဆန်ကွဲတွေကိုပွဲရုံပိုင်ရှင်တွေက အဆက်မပြတ်တင်ပို့ရောင်ချနေပါတယ်” ဟု ဘိုကလေးမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူဇာက ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ၂၄ ပြည်ဝင်ဆန်ကွဲတစ်အိတ်လျှင် ငွေကျပ် ၄၆၅၀၀  ဈေးပေါက်နေကြောင်း၊ အဆိုပါ ဆန်ကွဲများတင်ပို့ရောင်းချအားတက်လာခြင်းကြောင့် ဆန်စပါးရောင်းဝယ်ရေးကုန်သည်များ၊ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ကားအငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News