Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးစည်ဖောင်းခြောက်ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးစည်ဖောင်းခြောက်ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ပင်လယ်ငါးခြောက်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုလှိုင်က ပြောပြ၍သိရသည်။ ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် မေလအတွင်းက ငါးစည်ဖောင်းခြောက် ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ငါးစည်ဖောင်းခြောက်ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ဖျာပုံမြို့နယ်ကထွက်တဲ့ ပင်လယ်ငါးစည်ဖောင်းခြောက်တွေက ပင်လယ်ငါးတွေဖြစ်တဲ့ ငါးရွှေငါး၊ နတ်ကတော်ငါး၊ ငါးရောင်ငါး၊ ငါးပုတ်သင်ငါး စတဲ့ငါးတွေကို ဝမ်းဗိုက်ခွဲပြီး အတွင်းကရရှိတဲ့ ငါးစည်ဖာင်းတွေကို စနစ်တကျသန့်စင်တယ်။ ပြီးတော့ နေပူလှန်းအခြောက်ခံပြီးမှ ရရှိတာဖြစ်ပါတယ်။ ငါးစည်ဖောင်းခြောက်တွေကို ရန်ကုန်ဈေးကွက်က ဇွန်လ ပထမပတ်ကစပြီး ဝယ်ယူမှုများလာတာကြောင့် အရောင်းအဝယ်ကောင်းမွန်ခဲ့တာပါ။ ရန်ကုန်ဈေးကွက်ကလဲ ငါးစည်ဖောင်းခြောက်တွေကို စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေမှာစားသုံးသူများတော့ မှာယူမှုများလို့ အ‌ရောင်းအဝယ်ဖြစ်နေတာပါ။ ဒေသထွက် ငါးစည်ဖောင်းခြောက်တွေအပါအဝင် ဒေသထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကထား တင်ပို့ရောင်းချနေတာဖြစ်ပါတယ်” ဟု ဖျာပုံမြို့နယ် ပင်လယ်ငါးခြောက်‌ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုလှိုင်က ပြောပြသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ငါးစည်ဖောင်းခြောက်များသည် တစ်ပိဿာဈေးနှုန်းမှာ ငါးရွှေငါးစည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၈၈၀၀၀၊ နတ်ကတော်ငါးစည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၇၉၀၀၀၊ ငါးရောင်ငါးစည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၃၀၅၀၀ မှ ၃၄၅၀၀၊ ငါးပုတ်သင်ငါးစည်ဖောင်းခြောက် တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ စသည့် စည်ဖောင်းခြောက်အကြီးအသေးအပေါ်မူတည်ပြီး ဈေးနှုန်းအနိမ့်အမြင့်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News