ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဂဏန်းပျော့ပိဿာချိန် ၇၇၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအေးဝင်းက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ကဏန်းပျော့ပိဿာချိန် ၅၀၀၀၀ ထိသာ တင်ပို့ရောင်းချခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ကဏန်းပျော့ပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။ “ကဏန်းအပျော့တွေကို ရန်ကုန်ဈေးကွက်က အရင်ကထက် ပိုမိုဝယ်ယူခဲ့တာဖြစ်ပါဝယ်။ နိုဝင်ဘာလကထက် ဒီဇင်ဘာလမှာ ကဏန်းပျော့ပိဿာချိန် ၂၇၀၀၀ ထိ ပိုမို တင်ပို့ရောင်းချ ခဲ့ရပါတယ်။ ဒီဘက်ကနေထွက်ရှိတဲ့ ကဏန်းပျော့တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်” ဟု သိရသည်။ ဘိုကလေးမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ကဏန်းပျော့တစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀၀ မှ ၃၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါ ကဏန်းပျော့များ အရောင်းအဝယ်ဖြစ်ပြီး ပုံမှန်တင်ပို့ရောင်းချနေရသည့်အတွက် ရေလုပ်သားများ၊ တစ်နိုင်တစ်ပိုင်အရောင်းအဝယ်လုပ်သူများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးအေးဝင်းက ပြောပြ၍ သိရှိရသည်။
Source: ရတနာပုံ သတင်းစာ