Local News

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၌ ကုလားပဲ(ဆောင်း) သီးနှံများထွက်ပေါ်၍ အကျိုးအမြတ်ရရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲ(ဆောင်း)သီးနှံကို လည်း စိုက်ပျိုးကြကြောင်း၊ မြို့နယ်အတွင်း ကုလားပဲ(ဆောင်း)စိုက်ဧကအနေဖြင့် ၃၂၇၇၅ ဧက စိုက်ပျိုးထားရှိကြောင်း  သိရသည်။ ယခုအချိန်တွင် ကုလားပဲ(ဆောင်း)သီးနှံများထွက်ပေါ်လျက်ရှိကြောင်း သိရသည်။ ကုလားပဲ(ဆောင်း)သီးနှံကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ V2 ကုလားပဲမျိုး V7 ကုလားပဲမျိုး၊ 929 ကုလားပဲမျိုးနှင့် TW (ထိုင်ဝမ်) ကုလားပဲမျိုးများရှိပြီး V2 ကုလားပဲမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ကုလားပဲကို ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့နှစ်တင်းခန့် ကုန်ကျကြောင်း၊ မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခြင်း၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၃၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ပုံမှန် ၁၀-၁၂ တင်းခန့် ထွက်ရှိပြီး သီးနှံဖြစ်ထွန်းအောင်မြင်၍ အထွက်နှုန်း ကောင်းမွန်ပါက ၁၅-၂၀ တင်း ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများမှ မြစ်သားမြို့နယ် ကျောက်ဆည်မြို့တို့ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချပြီး ပွဲရုံများမှ တစ်ဆင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့သို့ တင်ပို့ရောင်းချကြောင်း၊ ကုလားပဲသီးနှံသည် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်ရရှိသော သီးနှံဖြစ်၍ နှစ်စဉ်တိုးချဲ့ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News