Local News

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ငါးကွမ်းရှပ်ခြောက်များ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တွင် ငါးကွမ်းရှပ်ခြောက်များ အရောင်းအဝယ်ကောင်းမွန်နေကြောင်း လပွတ္တာမြို့နယ်မှ ငါးခြောက်မျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းက ပြောပြ၍ သိရသည်။ လပွတ္တာမြို့နယ်တွင် ငါးကွမ်းရှပ်အချိုခြောက်နှင့် အငန်ခြောက်နှစ်မျိုး ထုတ်လုပ်ရောင်းချပြီး ဖေဖော်ဝါရီလ ပထမပတ်မှ စတင်အရောင်းအဝယ်ကောင်းမွန်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ ထွက်ရှိသည့် ငါးကွမ်းရှပ်ခြောက်များ လက်ရှိတစ်ရက်လျှင် ပိဿာချိန် ၂၅၀ မှ ၅၅၀ ထိ အရောင်းအဝယ် ကောင်းမွန်နေကြောင်းသိရသည်။ “ငါးကွမ်းရှပ်ခြောက်တွေအရောင်းအဝယ်ကောင်းနေပါတယ်။ ဖေဖော်ဝါရီလ ပထမပတ်လောက်ကတည်းက စတင်အရောင်းအဝယ်ကောင်းမွန်နေတာပါ။ အခု ငါးကွမ်းရှပ်ခြောက်ဈေးကလဲ အနည်းငယ်ကောင်းလာပါတယ်။ ဒေသထွက် ငါးကွမ်းရှပ်ခြောက်တွေ အပါအဝင် ငါးခြောက်မျိုးစုံကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်း နေပါတယ်”ဟု လပွတ္တာမြို့နယ်မှ ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းက ပြောပြသည်။ လပွတ္တာမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ငါးပိ၊ ငါးခြောက်များကို စနစ်တကျ ပြုလုပ်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးကွမ်းရှပ်ခြောက် ၁၀ ပိဿာလျှင် ငွေကျပ် ၃၀၇၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်း ဒေါ်သင်းသင်းက ဆက်လက်ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News