Local News

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် ကဏန်းပျော့ ပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလတွင် ကဏန်းပျော့ပိဿာချိန် ၇၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုခိုင်ကပြောပြ၍ သိရသည်။ ဖျာပုံမြို့နယ်မှ ဒေသထွက်ကဏန်းပျော့များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီလက ကဏန်းပျော့သန့်စင်ပြီး ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကဏန်းပျော့သန့်စင်ပြီး ပိဿာချိန် ၇၈၀၀၀ ထိတင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ဖျာပုံမြို့နယ်ကထွက်ရှိတဲ့ ကဏန်းပျော့တွေ ပြည်တွင်းရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ အခုနှစ်ပြည်တွင်းဈေးကွက်မှာ အရောင်းအဝယ် ပြန်လည်သွက်လက်လာပြီး ရန်ကုန်ဘက်ကအဝယ်လိုက်လာတာပါ။ လက်ရှိရန်ကုန်ဘက်ကနေတစ်ဆင့် ကဏန်းပျော့တွေ ပြည်ပနိုင်ငံတွေကို ပြန်လည်တင်ပို့လာတာကြောင့်လဲ အဝယ်လိုက်လာတာပါ။ ဒီဘက်ဒေသမှာ ကဏန်းပျော့မွေးမြူရေးလုပ်ငန်းကို အခုလိုရာသီမှာ အများဆုံးမွေးမြူပါတယ်” ဟု ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်စုခိုင်က ပြောပြသည်။

ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချသည့် ကဏန်းပျော့များကို ရန်ကုန်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါဒေသထွက်ကဏန်းပျော့များ ဝယ်ယူမှုအားကောင်းနေခြင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်သားများ၊ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များ၊ ကုန်တင်ယာည်အငှားလိုက်သူများ၊ ကုန်တင်၊ ကုန်ချလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News