Local News

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လတွင် အုန်းသီးအနု အလုံးရေ ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်မတ်လတွင်ဒေသထွက် အုန်းသီးအနု အလုံးရေ ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်မှ အုန်းသီး‌ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေက ပြောပြ၍ သိရသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ အုန်းသီးအနု အလုံးရေ ၃၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ အုန်းသီးအနု အလုံးရေ ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့ရသည့် အုန်းသီးအနု အလုံးရေ ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ကျိုက်လတ်မြို့နယ်ကနေထွက်ရှိတဲ့ ဒေသထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ရောင်းချပါတယ်။ ပြီးခဲ့တဲ့မတ်လထဲမှာလဲ အုန်းသီးအနုတွေ ဝယ်ယူမှုအားကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ အုန်းသီးအနုအလုံးရေ ၅၇၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က လက်ရှိဧပြီလထဲမှာလဲ အုန်းသီးအနုတွေ ဝယ်ယူမှုအားကောင်းနေပါတယ်။ ပွဲရုံပိုင်ရှင်တွေက အုန်းပင်စိုက်ပျိုးတောင်သူတွေဆီကနေ အုန်းသီးတွေကို ဝယ်ယူပြီး ရန်ကုန်ဈေးကွက်ကို ပြန်လည်တင်ပို့ရောင်းချတာပါ။ ဒေသထွက်အုန်းသီးအနုတွေဝယ်ယူမှု အားကောင်းလာတဲ့အတွက် စိုက်ပျိုးတဲ့သူတွေအနေနဲ့ အုန်းသီးတွေကို ရင့်တဲ့ထိ စောင်းစရာမလိုဘဲ ဝင်ငွေရရှိနေပါတယ်” ဟု ကျိုက်လတ်မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေက ပြောပြသည်။

ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အုန်းသီးအနုများ ပိုမိုတင်ပို့ရောင်းချနေရသည့်အတွက် ပွဲရုံပိုင်ရှင်များ၊ အုန်းသီးစိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ ကုန်ထမ်းလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိလာကြောင်း ကျိုက်လတ်မြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဆွေဆွေက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News