Local News

ပြည် ပဲဈေးကွက်၌ ပဲကြီးသီးနှံဈေးကောင်းရ၍ ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်

Last Updated:

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ပဲဈေးကွက်၌ ပဲမျိုးစုံ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြည်ပဝယ်လိုအားကောင်းသော ပဲများအပြင် ပြည်တွင်းစားသုံးမှု များပြားသောပဲများဖြစ်သည့် ပဲကြီး၊ ကုလားပဲ၊ ပဲနီပြား၊ ပဲထောပတ် စသည့်သီးနှံများလည်း ဝင်ရောက်မှုများလာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အဆိုပါပဲများအနက် ပဲကြီးသီးနှံမှာ ဈေးနှုန်းအမြင့်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲဈေးကွက်၌ အခြားပဲများထက် ဈေးကောင်းရလျက်ရှိသော ပဲသီးနှံဖြစ်ကြောင်း သိရသည်။

ပဲကြီးသီးနှံကို မိုးနှောင်းကာလ ဇူလိုင်လနှင့်ဩဂုတ်လများအတွင်း စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလတွင် စတင်ထွက်ပေါ်ခဲ့ရာ ယခုအချိန်တွင်လှိုင်လှိုင်ထွက်ပေါ်လျက်ရှိပြီး ဈေးကွက်အတွင်း နေ့စဉ်ဝင်ရောက်မှုများရှိလာကာ လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဈေးနှုန်းအနေဖြင့် ယခုကာလပေါက်‌ဈေးမှာ ရွှေကျွန်းတစ်တင်းလျှင် ၈၅,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကမ်းနား တစ်တင်းလျှင် ၈၄,၀၀၀ ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်နှစ်ကာလတူအချိန်၌ ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းထက်ဈေးနှုန်း အနည်းငယ်ပိုမိုလာကြောင်း၊ ပဲကြီးသီးနှံအစိုနှင့် အခြောက်များမှာ ဈေးနှုန်းကောင်းမွန်လျက်ရှိပြီး ပဲကြော်ဖိုလုပ်ငန်းရှင်များက အဓိကဝယ်ယူကြသည့်အတွက် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

Source: DOCA (ပဲခူး)

Source: https://commerce.gov.mm

Category: Local News