အာဆီယံ (ASEAN) နှင့် ကနေဒါသည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (FTA) ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် ဆွေးနွေးမှုများ၏ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးကာ အခန်း ၁၀ ခန်းကိုလည်း သဘောတူညီပြီးဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် တွင် အပြီးသတ်နိုင်ရန် ရည်မှန်းထားကြောင်း၊ ထိုင်း၊ The Nation သတင်းဌာနအရ သိရှိရသည်။
သဘောတူညီခဲ့သော အကြောင်းအရာများတွင် လူပုဂ္ဂိုလ်များ ယာယီရွှေ့ပြောင်းသွားလာခွင့်၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs)၊ ယှဉ်ပြိုင်မှု မူဝါဒ၊ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ကောင်းမွန်သော မူဝါဒများ၊ နည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ အပင်၊ လူနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ (sanitary and phytosanitary measures) နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပါဝင်ပါသည်။
သို့သော် ကုန်စည်ကူးသန်းရောင်းဝယ်မှု၊ ပင်ရင်းဒေသစည်းမျဉ်းများ၊ စံချိန်စံညွှန်းများ၊ နည်းပညာဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ထောက်ခံချက်ပေးခြင်းနှင့် စစ်ဆေးအတည်ပြုခြင်း လုပ်ငန်းစဉ်များ၊ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး (E-commerce)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရေရှည်တည်တံ့သော ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စသည့် အဓိကကိစ္စရပ်များတွင် သဘောထားများ ကွဲပြားလျက်ရှိကြောင်း၊ အဆိုပါကိစ္စရပ်များကို ဆောလျင်စွာ ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေကြပြီး အကယ်၍ သဘောတူညီချက်ပြီးစီးခဲ့ပါက မရေရာသော ကမ္ဘာ့ကုန်သွယ်ရေး အခြေအနေနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများကြားမှပင် ဒေသနှစ်ခုလုံးအတွက် ကုန်စည်၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုမြှင့်တင်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ထိုင်းနိုင်ငံအတွက်လည်း ယခုသဘောတူညီချက်သည် အလွန်အရေးကြီးပြီး မြောက်အမေရိကဒေသရှိ နိုင်ငံတစ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ပထမဆုံးချုပ်ဆိုမည့် FTA ဖြစ်ကြောင်း၊ ထိုင်းသည် ကနေဒါနှင့် နှစ်နိုင်ငံ FTA ဆွေးနွေးမှုများကို ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်ရန် စီစဉ်နေကြောင်း ဖော်ပြထားပါသည်။
စီးပွား/ကူးသန်းဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် Chotima Iamsawadikun က ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အာဆီယံနှင့် ကနေဒါနိုင်ငံတို့အကြား အနာဂတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အလွန်အရေးပါသည့် ကျန်ရှိနေသော ကုန်စည်ရောင်းဝယ်ရေး၊ အီလက်ထရောနစ်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို အမြန်ဆုံး ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ ထိုင်းသည် ကနေဒါနှင့် နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေး ပိုမိုခိုင်မာစေရန် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်တွင် ကနေဒါနိုင်ငံသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၉၂ ဘီလီယံ တင်ပို့ခဲ့ပြီး ယခင်နှစ်ထက် ၂၁.၄၄ % တိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံမှ ကနေဒါနိုင်ငံသို့ အဓိက တင်ပို့သည့် ကုန်စည်များမှာ ကွန်ပျူတာနှင့် အစိတ်အပိုင်းများ၊ သံမဏိထုတ်ကုန်များ၊ ထုပ်ပိုးထားသော ပင်လယ်စာများ၊ ဆန်နှင့် ရော်ဘာထုတ်ကုန်များဖြစ်ပြီး၊ ကနေဒါနိုင်ငံ၏ အဓိက သွင်းကုန်များမှာ လျှပ်စစ်ပတ်လမ်းများ (electrical circuits)၊ စိန်၊ ရွှေ၊ ဓာတ်မြေဩဇာများနှင့် စက်ယန္တရားများဖြစ်ကြောင်း ထိုင်းသတင်းစာ The Nation က ဖော်ပြထားပါသည်။
Source: https://www.nationthailand.com
Source: https://commerce.gov.mm