Local News

ပြောင်းစိုက်ပျိုးခြင်းကြောင့် စီးပွားဖြစ်ထွန်း

Last Updated:

          ပြောင်းဖူးသည် မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါးပြီးလျှင် ဒုတိယမြောက်အရေး ပါဆုံးသော သီးနှံဖြစ်ရုံသာမက စီးပွားရေးအရ အလွန်အလားအလာကောင်းသည့် ရွှေရောင်သီးနှံ တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပြောင်းဖူးကို ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်းတို့တွင် အများဆုံးစိုက်ပျိုးပြီး မိုးဦးပြောင်းကို မေလနှင့်ဇွန်လများတွင် လည်းကောင်း၊ ဆောင်းပြောင်းကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြသည်။

          ပြောင်းဖူးသည် တိရစ္ဆာန်အစာထုတ်လုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သည့် ကုန်ကြမ်းဖြစ် သကဲ့သို့ ပြည်ပဝယ်လိုအားအမြဲရှိနေသည့်သီးနှံဖြစ်ပါသည်။ ပြောင်းဖူးမှတစ်ဆင့် ပြောင်းဖူး ကစီဓာတ်၊ ပြောင်းဖူးဆီနှင့်သကြားအစားထိုးအချိုရည်များ ထုတ်လုပ်ကြပြီး အချို့နိုင်ငံများတွင် ပြောင်းဖူးကို အီသနောဟုခေါ်သော ဇီဝလောင်စာအဖြစ်ပြောင်းလဲထုတ်လုပ်ကာ မော်တော်ယာဉ် များတွင်အသုံးပြုကြပါသည်။ မြန်မာနိုင်ငံမှထွက်ရှိသောပြောင်းဖူးများသည် အရည်အသွေး ကောင်းမွန်မှုကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်၊ ဗီယက်နမ်နှင့်ဖိလစ်ပိုင်နိုင်ငံတို့က အမြဲတစေဝယ်ယူလျက်ရှိသည်။

          နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် နှစ်စဉ်တန်ချိန်သန်းနှင့်ချီတင်ပို့နေရသဖြင့် နိုင်ငံခြားဝင်ငွေရှာဖွေပေးရာတွင် အရေးပါသောကဏ္ဍမှရှိနေသည်။ ပြောင်းဖူးသည် စိုက်ပျိုးရ လွယ်ကူပြီး ဈေးကွက်ခိုင်မာသည့်သီးနှံဖြစ်သဖြင့် စနစ်တကျစိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက တောင်သူများအတွက်သာမက နိုင်ငံတော်၏စီးပွားရေးအတွက်ပါ အလွန်အကျိုးရှိသည့် သီးနှံတစ်ခု ဖြစ်ပါသည်။

Source:     https://www.doca.gov.mm

Category: Local News