Local News

ဧရာဝတီတိုင်း‌ဒေသကြီး ဟင်္သာတမြို့နယ်တွင် ပဲလွမ်းဖြူများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်း‌ဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ပဲလွမ်းဖြူများ ဝယ်ယူမှုအားကောင်းလာသဖြင့် အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဟင်္သာတမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခိုင်ခိုင်ဦးက ပြောပြ၍ သိရသည်။ ဟင်္သာတမြို့နယ်တွင် ဖေဖော်ဝါရီလ ဒုတိယပတ်မှ ယနေ့ထိ ပဲလွမ်းဖြူများ  ဝယ်ယူမှုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါ ပဲလွမ်းဖြူများ ဝယ်ယူမှုအားကောင်းလာခြင်းသည် ဒေသထွက်ပဲလွမ်းဖြူများကို ရန်ကုန်ဈေးကွက်က ဝယ်ယူအားကောင်းလာပြီး လက်ကျန်နည်းနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ “ဒေသထွက် ပဲလွမ်းဖြူတွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကပါ အဝယ်လိုက်နေပါတယ်။ အခုလ ဒုတိယပတ်ကစပြီး သိသိသာသာ အဝယ်လိုက်လာတာဖြစ်ပါတယ်။ အခု အဝယ်လိုက်နေတဲ့အပြင် ဈေးလဲအနည်းငယ်ကောင်းလာပါတယ်။ လက်ရှိဒေသမှာတော့ ပဲလွမ်းဖြူအသစ်တွေ မထွက်သေးပါဘူး” ဟု သိရသည်။ ဟင်္သာတမြို့နယ်တွင် ပဲလွမ်းဖြူ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၉၅၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်လယ်ယာထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိပြီး ပဲလွမ်းဖြူအပြင် မတ်ပဲ၊ ပဲတီစိမ်း၊ ပြောင်း၊ စပါး၊ ဆန် စသည့် ဒေသထွက်ကုန်များကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News