Local News

မအူပင်မြို့နယ်မှ မော်လမြိုင်ကျွန်းမြို့နယ်သို့ ဖေဖော်ဝါရီလတွင် ငရုတ်သီးခြောက် ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ မော်လမြိုင်ကျွန်းမြို့နယ်သို့ ဖေဖော်ဝါရီလတွင် ငရုတ်သီးခြောက် ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း မအူပင်မြို့နယ်မှ စားသောက်ကုန်‌ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီဝင်းက ပြောပြ၍ သိရသည်။

မအူပင်မြို့နယ်မှ မော်လမြိုင်ကျွန်းမြို့နယ်သို့ ပြီးခဲ့သည့် ဇန်နဝါရီလက ငရုတ်သီးခြောက် ပိဿာချိန် ၅၃၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၉ ရက်နေ့ထိ ငရုတ်သီးခြောက် ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါဒေသမှ တင်ပို့ရောင်းချခဲ့သည့် ငရုတ်သီးခြောက် ၁၀ ပိဿာလျှင် ‌ငွေကျပ် ၉၅၀၀၀ ထိဈေးပေါက်နေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဇန်နဝါရီလကထက် ဖေဖော်ဝါရီလအတွင်း ငရုတ်သီးခြောက် ပိဿာချိန် တော်တော်များများ ပိုမိုတင်ပို့ရောင်းချခဲ့ရတယ်။ ဒေသလယ်ယာထွက်ကုန်တွေကို ရန်ကုန်အပြင် အခြားနယ်မြို့တွေဘက်ကို အဓိကတင်ပို့ရောင်းချပါတယ်။ အခုနှစ် ဒေသထွက်ငရုတ်သီးတွေကို အရည်အသွေးကောင်းပါတယ်။ ငရုတ်သီးက အရည်အသွေးကောင်းတော့ ရက်ရှည်အထားခံပြီး ရောင်းပန်းလှတယ်လေ။ လက်ရှိ ငရုတ်သီးခြောက်ဈေးကတော့ ၁၀ ပိဿာကို ငွေကျပ် ၉၅၀၀၀ ထိပေါက်နေပါတယ်။ လက်ရှိဒေသမှာ တောင်သူတွေက နွေငရုတ်တွေ စိုက်ဖို့လုပ်ကိုင်ပြင်ဆင်နေတာလဲ တွေ့ရပါတယ်” ဟု မအူပင်မြို့နယ်မှ စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီဝင်းက ပြောပြသည်။

မအူပင်မြို့နယ်မှ တောင်သူများသည် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့်ယှဉ်တွဲပြီး ငရုတ်စိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါဒေသမှထွက်ရှိလာသော ငရုတ်သီးများလည်း အရည်အသွေးကောင်းမွန်ကြောင်း၊ လက်ရှိ ငရုတ်သီးခြောက်များ တင်ပို့ရောင်းချအားတက်လာခြင်း၊ ငရုတ်အရည်အသွေးကောင်းလာခြင်းကြောင့် တောင်သူများ၊ လုပ်သားများ၊ ကုန်သည်များ၊ ပွဲရုံလုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းနေကြောင်း ဒေါ်ရီရီဝင်းက ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News