Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်ကို မတ်လအတွင်း ခုံးပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ခုံးပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းက ပြောပြ၍ သိရသည်။

ဘိုကလေးမြို့နယ်တွင် သဘာဝအတိုင်းဖမ်းယူရရှိသည့် ခုံးများကိုရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချလျက်ရှိရာ ဖေဖော်ဝါရီလက ခုံးပိဿာချိန် ၅၅၀၀၀ သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ခုံးပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ခုံးတွေ အဝယ်လိုနေပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ ခုံးပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ လက်ရှိ ဧပြီလထဲမှာလဲ ခုံးတွေကို ရန်ကုန်ဈေးကွက်ထဲ အများအပြားတင်ပို့ရောင်းချနေရပါတယ်။ ဘိုကလေးဘက်ကနေထွက်တဲ့ ခုံးတွေအပါအဝင် ‌ရေထွက်ကုန်တွေကို ဘိုကလေးမြို့နယ်မှာရှိတဲ့ ပွဲရုံပိုင်ရှင်တွေက ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချပါတယ်။ အခုလို ကုန်ရောင်းကုန်ဝယ်တွေအားကောင်းကောင်းနဲ့ လည်ပတ်နေတော့ ရေလုပ်သားတွေ၊ ကုန်သည်တွေ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိပြီး အဆင်ပြေလာပါတယ်” ဟု ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သင်းသင်းက ပြောပြသည်။

ဘိုကလေးမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ငါးအမျိုးမျိုး၊ ပုစွန်အမျိုးမျိုး၊ ကဏန်းများအပြင် ခုံးများကိုလည်း စနစ်တကျသန့်စင်ထုပ်ပိုးပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News