Local News

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးမုတ်ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်းငါးမုတ်ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မအူပင်မြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ‌ဒေါ်ဝင်းမော်က ပြောပြ၍ သိရသည်။ မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဇွန်လအတွင်း ငါးမုတ်ပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း ငါးမုတ်ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ငါးမုတ်များကို ပြည်တွင်းဈေးကွက်တွင် ဝယ်ယူမှုများလာခြင်းကြောင့် တင်ပို့အားကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။

“မအူပင်မြို့နယ်က ငါးမုတ်တွေ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချအားကောင်းခဲ့ပါတယ်။ ဇူလိုင်လ တစ်လအတွင်းငါးမုတ်ပိဿာချိန် ၈၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒေသပွဲရုံတွေကို မအူပင်မြို့နယ်က ငါးမုတ်တွေပုံမှန်ဝင်ရောက်နေပါတယ်။ ပွဲရုံတွေဆီဝင်လာတဲ့ ငါးမုတ်တွေကလဲ လတ်ဆတ်မှုရှိပါတယ်။ ငါးမုတ်တွေ ဝယ်ယူမှုများလာတော့ ရေလုပ်ငန်းနဲ့ဆက်စပ်နေသူတွေ အဆင်ပြေနေတာ တွေ့ရပါတယ်။ မအူပင်မြို့နယ်ကထွက်တဲ့ ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချရတာ အစစအရာရာအဆင်ပြေပါတယ်” ဟု မအူပင်မြို့နယ်မှရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြသည်။

မအူပင်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ငါးမုတ်များအပါအဝင် ရေထွက်ကုန်များကိုဝယ်ယူပြီး စနစ်တကျသန့်စင်ကာ ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ရန်ကုန်ဈေးကွက်မှတစ်ဆင့် အခြားဒေသများသို့ ပြန်လည်တင်ပို့ရောင်းချလျက်ရှိကြောင်း၊ လက်ရှိ တစ်ရက်လျှင် ငါးမုတ်ပိဿာချန် ၁၀၀ မှ ၅၀၀ ကျော်ထိ အရောင်းအဝယ်ဖြစ်နေကြောင်း မအူပင်မြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News