ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ငရုတ်သီးစိမ်းပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ်ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာက ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ငရုတ်သီးစိမ်းပိဿာချိန် ၇၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ငရုတ်သီးစိမ်းပိဿာချိန် ၇၃၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ တင်ပို့ရောင်းချခဲ့သည့် ငရုတ်သီးစိမ်း ၁၀ ပိဿာလျှင် ငွေကျပ် ၉၇၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ “ ပန်းတနော်မြို့နယ်ကနေ ရန်ကုန်ဈေးကွက်ထဲကို ငရုတ်သီးစိမ်း ပိဿာချိန် ၇၃၀၀၀ ကို ဇန်နဝါရီလထဲမှာ တင်ပို့ရောင်းချခဲ့ရပါတယ်။ ပန်းတနော်မြို့နယ်ကထွက်တဲ့ အခုနှစ် ဒေသထွက် ငရုတ်သီးတွေက အရည်အသွေးကောင်းပါတယ်။ ငရုတ်သီးက အရည်အသွေးကောင်းတော့ အမှာကုန်များပြီး တင်ပို့အား တက်ခဲ့တာဖြစ်ပါတယ်” ဟု သိရသည်။ ပန်းတနော်မြို့နယ်မှ ထွက်ရှိသည့် ငရုတ်သီးစိမ်းများ အရောင်းအဝယ်ကောင်းမွန်လာခြင်းကြောင့် တောင်သူများ၊ လုပ်သားများ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ အလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံသတင်းစာ