Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလတွင် ကွမ်းသီးစိမ်း အလုံးရေ ၇၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဧပြီလတွင် ကွမ်းသီးစိမ်း အလုံးရေ ၇၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီမော်က ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်မတ်လအတွင်းက ကွမ်းသီးစိမ်းအလုံးရေ ၅၅၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ တစ်လအတွင်း ကွမ်းသီးစိမ်းအလုံးရေ ၇၇၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ကွမ်းသီးစိမ်းအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၇၅၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ပြည်ပဈေးကွက်က အမှာကုန်များလာလို့ ရန်ကုန်ဈေးကွက်ကို အများအပြားတင်ပို့နေရတာဖြစ်ပါတယ်၊ တင်ပို့နေရတဲ့ကွမ်းသီးကတော့ အရည်အသွေးကောင်းဖို့လိုအပ်တာပေါ့။ သန့်ရှင်းဖို့လဲလိုပါတယ်။ လက်ရှိ ကွမ်းသီးစိမ်းအလုံးရေ ၁၀၀ ကို ငွေကျပ် ၇၅၀၀ ထိ ဈေးပေါက်နေတယ်။ ရန်ကုန်ဈေးကွက်ကို ကွမ်းသီးစိမ်းတွေအများအပြားတင်ပို့ရောင်းချအားကောင်းလာတော့ ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေ အဆင်ပြေနေပါတယ်” ဟု ဘိုကလေးမြို့နယ် ကွမ်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီမော်က ပြောပြသည်။

ဘိုကလေးမြို့နယ်မှထွက်ရှိသည့် ကွမ်းသီးစိမ်းများကို ကုန်သည်များက ကွမ်းသီးခြံများအရောက်သွားရောက်ဝယ်ယူကာ စနစ်တကျရွေးချယ်ထုပ်ပိုးပြီး ရန်ကုန်မြို့သို့  တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်မြို့မှတစ်ဆင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဒေါ်ရီမော်က ဆက်လက်ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News